Home
မြန်မာသတင်း
ရွှေဘိုနှင့်ပုသိမ်မြို့တို့တွင် ပြည်သူ့စစ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး အလင်းဝင်
DVB
·
January 24, 2024
sren 2412024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာက ပျူစောထီးအဖွဲ့ဝင် ပြည်သူ့စစ်တဦး လက်နက်နဲ့ ပြည်သူ့ဘက် ခိုလှုံလာခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

လက်နက်နဲ့အတူ ပြည်သူ့ဘက်ခိုလှုံလာတဲ့ ပြည်သူ့စစ် အသက် ၄၁ နှစ်အရွယ် ကိုမင်းဇော်ကို ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကျားရိုင်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “သူက ဝင်ချင်နေတာက ကြာပြီဗျ။ ဖရဲသီးအနေနဲ့ အတွင်းသတင်းရအောင် အထဲမှာပဲ နေခိုင်းထားခဲ့တာ တနှစ်ကျော်ဝန်းကျင် ရှိပြီဗျ။ သူ့ရဲ့ပြောပြချက်အရ သီးလုံးရဲ့ အတွင်းကိစ္စတွေကို သိခဲ့ရတာပါဗျ။ သူ့ရဲ့ ပြောပြချက်အရပဲ သီးလုံးပြည်သူ့စစ်ဆိုတာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ဘက်ကိုခိုလှုံပြီး CDM ပြုလုပ်ရာမှာ G3 တလက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည်တောင့် ၁၅၀ တို့ကိုပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကျားရိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “စစ်တပ်လက်အောက်ခံတွေအနေနဲ့ ပြည်သူ့ဘက်ကို ပြောင်းလှည့်တာတွေရပ်ပြီး ဆက်မမိုက်ကြဖို့နဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့ကြပါ၊ ကြိုဆိုလည်း ကြိုဆိုနေတယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်ဗျ” လို့ ပြောပါတယ်။

ပြည်သူ့ဘက်ကိုခိုလှုံလာတဲ့ ပြည်သူ့စစ် ကိုမင်းဇော်ဟာ စစ်ကောင်စီကိုတော်လှန်မယ့် တိုက်ပွဲတိုင်း သူပါဝင်တိုက်ခိုက်မှာဖြစ်ကြောင်းနဲ့ သူ့ရဲ့မိသားစုဝင်တွေကို လုံခြုံစွာ စားသောက်နေထိုင်ဖို့ စီစဥ်ပေးထားတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတပ်ကြပ်တဦးလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ပုသိမ်မြို့နယ် ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပုသိမ် ကနေ သိရပါတယ်။

အနောက်တောင်‌တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်လက်နက်တပ်ဆင်ရေးတပ်ခွဲ ၄၄၄ က ကိုယ်ပိုင်အမှတ် တ-၅၆၄၈၁၉ ဒုတပ်ကြပ်တဦးဟာ ဇန်နဝါရီ ၂၀ ရက်က ပုသိမ်မြို့နယ် ပကဖထံ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

ပုသိမ်မြို့နယ် ပကဖ တာဝန်ရှိသူတဦးက “သူက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကျနော်တို့ဆီ ချိတ်ဆက်ပြီး အလင်းဝင်ချင်တယ်လို့ ပြောလာတယ်။ အဲဒီအတွက် ကျနော်တို့က သူ့ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေ တောင်းယူပြီး ၂၄ နာရီ စစ်ဆေးပြီး ခိုင်လုံတဲ့အတွက် ခေါ်ထုတ်ပြီး CDM နဲ့သက်ဆိုင်တဲ့နေရာကို ပို့ဆောင်ခဲ့ပါတယ်။ သူက လက်နက်တော့ မပါပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကော ရဲတပ်ဖွဲ့ဝင်တွေပါ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ အထူးတိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့နယ် ပကဖက CDM ဝင်လာတဲ့ ဒုတပ်ကြပ်ကို ဂုဏ်ပြု‌ဆုငွေ ကျပ် ၅ သိန်း ချီးမြှင့်ခဲ့သလို CDM နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ လိုအပ်တဲ့အရာတွေ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ပုသိမ်မြို့၊ အနောက်တောင်‌တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်လက်နက် တပ်ဆင်ရေးတပ်ခွဲ ၄၄၄ က တပ်ကြပ်တယောက်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ပုသိမ်မြို့နယ် ပကဖဆီ အလင်းဝင်ရောက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပုသိမ်မြို့နယ် ပကဖဆီကို အလင်းဝင်လာတဲ့ ကာကွယ်ရေးနဲ့ ပြည်‌ထဲရေးဝန်ထမ်း ၉ ယောက်အထိ ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုသိမ်က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024