Home
မြန်မာသတင်း
နယ်စပ် ပြောင်းရောင်းချမှု ရပ်သလောက်ဖြစ်နေပြီး ပြည်တွင်းပြောင်းစျေး ကျဆင်း
DVB
·
January 22, 2024
corn_22012024

နယ်မြေမတည်ငြိမ်မူကြောင့် တရုတ်နဲ့ ထိုင်းနိုင်ငံကို  နယ်စပ်ကတဆင့် ပြောင်းတင်ပို့မူ ရပ်သလောက်ဖြစ်နေပြီး ပြည်တွင်းပြောင်းစျေးကျဆင်းနေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဝါရင့်ပြောင်းလုပ်ငန်းရှင်တဦးက "တရုတ်နယ်စပ်ရော၊ ထိုင်း မြဝတီ နယ်စပ်အရောင်းရော ဖြစ်မလာနိုင်သေးပါဘူး။ နယ်စပ်ကဆိုရင် တာချီလိတ်ကတော့ အနည်းငယ် ဖြစ်လာနိုင်တယ်။ လက်ရှိကရေကြောင်းလမ်းကိုပဲ အားထားတင်ပို့ရမယ့် အနေအထားပါ” လို့ ပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာ  ကမ္ဘာပြောင်းဈေးလည်း ကျဆင်းနေပြီး ဗဟိုဘဏ်ရဲ့ နိုင်ငံငွေကြေး မူဝါဒနဲ့ ကုန်တင်ကားခ စျေးတက်မူတွေကြောင့်လည်း စျေးချဝယ်ယူမူတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြောင်းစိုက်တောင်သူတဦးက “ပြောင်းစျေးက အရင်းတောင်မရှိဘူး။ မြေဆီစျေးတက်၊ လုပ်သားခစျေးတက်နဲ့ အရင်းနှီးကကျ၊ အများအပြား ရောင်းတဲ့အချိန်ကျ စျေးမရဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီလဆန်းပိုင်းအတွင်းက ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ ၁ ပိဿာကို ငွေကျပ် ၁၁၈၀-၁၂၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး လက်ရှိမှာ ၁ ပိဿာကို ၁၁၅၀ ကနေ ၁၁၇၀ ကျပ်အထိ စျေးကျဆင်းနေပါတယ်။

နိုင်ငံခြား သင်္ဘောတင် FOB  ပေါက်ဈေးကတော့  ၁ တန်ကို အမေရိကန် ဒေါ်လာ  ၂၄၀ ကနေ ၂၆၀ ကြားရှိပြီ ဈေးငြိမ်နေတာ တွေ့ရပါတယ်။‌

မြန်မာ့ပြောင်းဆံကို ထိုင်း၊ တရုတ်၊ ဗီယက်နာမ်နိုင်ငံတို့က ကုမ္ပဏီ ၇ ခုနဲ့ MOU ရေးထိုးပြီး တင်ပို့ဖို့ ရှိနေပေမယ့် လတ်တလောမှာ နယ်စပ်ရောင်းချမှု တွေလျှော့ကျနေတာကြောင့် ဈေးက ကျရိပ်ပြနေတာပါ။

ဒါ့အပြင် နိုင်ငံခြားငွေမှုဝါဒ အခက်အခဲ၊ ကုန်စည်တင်ပို့ရာမှာ လမ်းကြောင်းလုံခြုံရေး အခက်အခဲနဲ့ သယ်ယူစရိတ် ပိုကုန်ကျမှုတွေက ပြောင်းစျေးကွက်အပေါ်  သက်ရောက်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ဩဂုတ်လကုန်အထိ ထိုင်းနိုင်ငံကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်တော့မှာဖြစ်လို့ ပြောင်းဈေး ပြန်ကောင်းလာဖို့ကို ‌ကုန်သည်နဲ့ တောင်သူတွေက မျှော်မှန်းထားကြပါတယ်။

မြန်မာ့ပြောင်းကို ပြည်ပပြောင်းတင်ပို့ရာမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို နယ်စပ်ကနေ အဓိက တင်ပို့နေတာဖြစ်ပြီး ပင်လယ်ရေကြောင်းမှလည်း ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဖိလစ်ပိုင် နဲ့ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နဲ့ အာဖရိကတို့ကို  တင်ပို့နေတယ်လို့ ပြောင်းစျေးကွက်ကတဆင့် သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024