မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့မှာရှိတဲ့ Royce Luxury Night Club မှာ စီမံချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော် အေမီဈာန်၊ မော်ဒယ် ဖူးပွင့်ခိုင်နဲ့ ဒီဂျေသမားတို့ အပါအဝင် သူတို့နဲ့အတူ ဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀ ကျော်ဟာ စစ်ဆေးခံနေရဆဲဖြစ်ပြီး ဒီကနေ့ထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
ခွင့်ပြုမိန့် မရှိဘဲ ရှိုးပွဲ ဖျော်ဖြေမှုကြောင့် အဖမ်းခံထားရသူတွေဟာ ဒီကနေ့အထိ ပြန်မလွတ်လာသေးတာလို့ မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၃၂ ယောက်နဲ့ အမျိုးသမီး အယောက် ၂၀ ဝန်းကျင် ပါဝင်ပြီး အထောက်အထားရှိသူတွေပါ ဖမ်းဆီးခံရထားတယ်လို့ ဆိုပါတယ်။
NLD-LA-Malaysia ရုံး တာဝန်ခံ ကိုစိုးထက်သိန်းက“အထောက်အထား ရှိရက်နဲ့ အဖမ်းခံရတာ။ အထောက်အထား ရှိတယ်ဆိုတာ နေထိုင်ခွင့် အထောက်အထားပဲ ရှိတာလေ။ ဥပဒေကို ချိုးဖောက်ပိုင်ခွင့် မရှိဘူး။ ဒီမှာရှိနေတဲ့ တည်ဆဲဥပဒေ တရပ်ရပ်ကို ချိုးဖောက်ထားတဲ့ အတွက်သာ ဒါ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အနေအထားလို့ ကျနော်တို့ လက်ခံ ယူဆရတယ်။ မလေးရှားနိုင်ငံမှာ ည ၁၂ နာရီကျော်ရင် ဆူဆူညံညံလုပ်ခွင့် သူတို့နိုင်ငံက ခွင့်မပြုထားဘူး။ အဲဒီလိုမျိုး ဒေသန္တရ ဥပဒေကို ချိုးဖောက်ထားတဲ့ အနေအထားကြောင့် ဖြစ်လိမ့်မယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရချိန် ရဲဌာနရဲ့ စစ်ဆေးချက်တွေအရ မော်ဒယ် ဖူးပွင့်ခိုင်ဟာ ဆေးကျပြီး အထဲမှာလည်း စိတ်ဂယောက်ဂယက်ဖြစ်၊ မတည်ငြိမ်တဲ့ အခြေအနေရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒါပေမဲ့ မလေးရှား ရဲတပ်ဖွဲ့ဘက်က တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။
လာရောက် ဖျော်ဖြေတဲ့ အနုပညာရှင်တွေဟာ မြန်မာနိုင်ငံကနေ အလည်အပတ် ဗီဇာနဲ့ လာရောက်ခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ မလေးရှား ရဲတွေရဲ့ စစ်ဆေးခံနေရတဲ့ အခြေအနေလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀ ကျော်မှာ နေထိုင်ခွင့် စာရွက်စာတမ်း မရှိသူ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ကို မြန်မာနိုင်ငံဘက် ပြန်ပို့မယ်လို့ သိရပြီး အထောက်အထား ရှိသူတွေကတော့ ပြန်လည် လွတ်မြောက်နိုင်ဖွယ်ရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မလေးရှားနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက အော်ပရာစီ စီမံချက်နဲ့ တရားမဝင် အထောက်အထား မပြည့်စုံတဲ့ နိုင်ငံခြားသားတွေကို လိုက်လံ ဖမ်းဆီးနေတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းကလည်း မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်၊ စမုံညှင်းဒေသမှာ အထောက်အထားမဲ့ နိုင်ငံခြားသား ၅၆၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား အယောက် ၂၀၀ ပါဝင်တယ်လို့ သိရပါတယ်။
ဇွဲသစ်