အမေရိကန်နိုင်ငံမှာ အားကောင်းတဲ့ ဆောင်းတွင်းမုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရအပြီး ရာသီဥတုနဲ့ ဆက်စပ်သေဆုံးသူ ၉၀ နီးပါး ရှိလာတယ်လို့ CBS သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြပါတယ်။
ဒီအထဲမှာ ပြင်းထန်တဲ့ ရေခဲမုန်တိုင်းတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်တဲ့ တင်နက်ဆီက ၂၅ ဦး၊ အော်ရီဂွန်က ၁၆ ဦး ပါဝင်ပါတယ်။
နိုင်ငံတဝန်း လူသောင်းချီ လျှပ်စစ်ဓာတ်အားပြတ်တောက်နေဆဲ ဖြစ်ပြီး ရေခဲတမျှ အေးခဲတဲ့ အခြေအနေကို ဒီတပတ်အတွင်း ဆက်လက်ကြုံတွေ့ရဖို့ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
တင်နက်ဆီနဲ့ အော်ရီဂွန်မှာ အသေအပျောက် အများဆုံးဆိုပေမဲ့ အီလီနွိုက်၊ ပင်ဆယ်လ်ဗေးနီးယား၊ မစ္စစ္စပီ၊ ဝါရှင်တန်၊ ကန်တက်ကီ၊ ဝစ္စကွန်ဆင်၊ နယူးယောက်၊ နယူးဂျာဆီ ပြည်နယ်တွေမှာလည်း အသေအပျောက် ရှိခဲ့ပါတယ်။
အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမှာဆိုရင် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လေပြင်းတိုက်တာကြောင့် ဓာတ်ကြိုးပျက်ကျပြီး လမ်းပေါ်မှာမောင်းနေတဲ့ကားကို ရိုက်မိကာ လူသုံးဦး ဓာတ်လိုက်သေသွားပါတယ်။ ကားပေါ်က ကလေးငယ်ကတော့ အသက်ရှင်ခဲ့ပါတယ်။
ရာသီဥတုကြောင့် ကားငါးစီး၊ ကားလေးစီး ဆင့်တိုက်မှုဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ဆီယက်တဲလ်မှာ အိမ်ခြေရာခြေမဲ့ ငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မစ္စစ္စပီမှာ လမ်းမတွေ အေးခဲနေတာကြောင့် မဖြစ်မနေလိုမှသာ ကားမောင်းဖို့ နှိုးဆော်ထားသလို ရေပြတ်မယ်ဆိုတဲ့ ကောလာဟလကြောင့် ရေချိုးဇလုံတွေထဲ ရေတွေလှောင်တာမျိုးတွေ ရှိလာပါတယ်။
Source/Photo-Reuters