Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ကောင်စီက လူစာရင်းကောက်၊ ပြည်သူ့စစ်ဖွဲ့ရန် ဖြစ်နိုင်
DVB
·
January 21, 2024
NorthO Oakkalapa Admin_21012024

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်တွေမှာ  လူဦးရေစာရင်း လိုက်လံကောက်ခံနေပြီး ပြည်သူ့စစ်ဖွဲ့ဖို့ ဖြစ်နိုင်တယ်လို့ မြို့ခံတွေ၊ ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ လဝက၊ အုပ်ချုပ်ရေးရုံးနဲ့ အရပ်ဝတ်စစ်သားနဲ့ ရဲတွေပါဝင်တဲ့ အဖွဲ့တွေဟာ လူဦးရေစာရင်းတွေထဲမှာ အမျိုးသား၊ အမျိုးသမီး အရေအတွက်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ  ရှိ၊ မရှိ စတဲ့ အချက်အလက်တွေကို မြေပြင်ဆင်းကောက်ခံနေတာဖြစ်ပါတယ်။

မြို့ခံတယောက်က “ဒီစာရင်းတွေ လာတောင်းတာ ဘာလုပ်မလို့လဲ မေးကြည့်တော့  ဒီအတိုင်း မြေပြင်က စာရင်းသိချင်လို့ ကောက်တာလို့ ပြောတယ်။ မှတ်ပုံတင်၊ သန်းခေါင်စာရင်းလုပ်ပေးဖို့ လာကောက်တာ မဟုတ်ဘူး။ မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းဖို့ လာတာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲအတွက် မဲစာရင်း လာကောက်တာ မဟုတ်ဘူးလို့ ပြောတယ်။ လမ်းကြိုလမ်းကြားပါ ဝင်ပြီးကောက်တာ။ ရုံးက စာရေးမတွေနဲ့ လဝက ပါတယ်။ အရပ်ဝတ် ရဲလိုလိုတွေလည်း ပါတယ်။ အဓိက မေးတာက ၁၈ နှစ်ပြည့်ပြီး ဘယ်နှစ်ယောက်၊ အမျိုးသား၊ အမျိုးသမီး ဘယ်နှယောက်ဆိုတာပါ” လို့ ပြောပါတယ်။

စာရင်းကောက်တဲ့အဖွဲ့မှာ လက်ရေးနဲ့ဖြည့်သွင်းရတဲ့ စာရွက်တွေအပြင် ဇယားကွက်တွေပါတဲ့ တက်ဘလက်တွေ ပါဝင်ပြီး စာရင်းကောက်တဲ့ နေအိမ်၊ လမ်းတွေကိုလည်း ဓာတ်ပုံရိုက်သွားတယ်လို့ သိရပါတယ်။

မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတယောက်က “နယ်ဘက်မှာဆို ရပ်ကျေးအလိုက် တရွာကို လူ ၂၀ ခေါ်တယ်။ ပြီးရင် နီးစပ်ရာ တပ်မှာ ၂ ပတ်လေ့ကျင့်ရတယ်။ အိမ်ကို ပေးမပြန်ခိုင်းဘူး။ ဖုန်းပေးမသုံးဘူး။ ရပ်ကျေးလုံခြုံရေးထက် လိုအပ်တဲ့နေရာကို ပို့ပစ်တာ။ ရန်ကုန်တော့ လောလောဆယ်မှာ စစ်တပ် စုဖွဲ့မှု‌အားကောင်းတဲ့ မြို့နယ်တွေမှာ စာရင်းကြိုကောက်တဲ့ သဘောပါပဲ။ ကျန်တာတော့ နအဖခေတ်က ပြည်သူ့စစ်မှုထမ်းဥပဒေအတိုင်း လုပ်ကြဖို့ များတယ်”လို့ ပြောပါတယ်။

နအဖ စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂ (ခ) မှာ စစ်မှုထမ်းရမယ့် အသက်ကို ကျား၊ မ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းလို့ သတ်မှတ်ထားပြီး ပုံမှန် ၂၄ လနဲ့ အရေးပေါ် အခြေအနေမှာ ၅ နှစ်အထိ စစ်မှုထမ်းဖို့ သတ်မှတ်ထားတာကို တွေ့ရပါတယ်။သာသနာ့ဝန်ထမ်း၊ အိမ်ထောင်သည်နဲ့ ကလေးရှိသူ အမျိုးသမီး၊ မသန်စွမ်းသူ၊ ဆေးစစ်ချက်အရ မသင့်လျော်သူနဲ့ အမိန့်အရ ကင်းလွတ်ခွင့်ပြုထားတွေကိုတော့ ပုဒ်မ ၂၂ အရ ကင်းလွတ်ခွင့်ပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024