ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စ်ကတ်စ်မှာ ဇန်နဝါရီ ၂၀ ရက်က အစ္စရေးရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ သတင်းအချက်အလက်ဌာန အကြီးအကဲ အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း အီရန် အစောင့်တပ်က ပြောပါတယ်။
ဆီးရီးယားအစိုးရနဲ့ရော သူ့အဓိက မဟာမိတ် အီရန်နဲ့ပါ နီးစပ်တဲ့ အဖွဲ့များကွန်ယက်မှာ ပါဝင်နေတဲ့ လုံခြုံရေးသတင်းရင်းမြစ်က ပြောကြားချက်အရ ဒုံးကျည်ထိမှန်ခဲ့တဲ့ အထပ်ပေါင်းများစွာမြင့်တဲ့ အဆောက်အအုံကို သမ္မတ ဘာရှား အလ်အာဆဒ် အစိုးရကို ထောက်ခံတဲ အီရန်အကြံပေးတွေက အသုံးပြုခဲ့တာဖြစ်ပြီး ပစ်မှတ်-တိကျသေချာတဲ့ အစ္စရေးဒုံးကျည်တွေကြောင့် လုံးဝကို ပြိုကျပြားချပ်သွားတယ် လို့ ဆိုပါတယ်။
ဒမတ်စ်ကတ်စ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်အစောင့်တပ်ဖွဲ့က စစ်ဘက်အကြံပေး ၂ ဦး သေဆုံးခဲ့တယ်လို့ အီရန်အစိုးရပိုင် Press TV ကလည်း သတင်းထုတ်ပြန်ပါတယ်။
ဆီးရီးယားနိုင်ငံပိုင် မီဒီယာမှာတော့ ဒမတ်စ်ကတ်စ်မြို့ မက်ဇေးရပ်ကွက်ရှိ အဆောက်အအုံတခုကို အစ္စရေးက တိုက်ခိုက်လိုက်ဖွယ်ရှိကြောင်း ထုတ်ပြန်သွားပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။
စနေနေ့ တိုက်ခိုက်မှုအပြီးမှာ ဒမတ်စ်ကတ်စ်ရှိ အလ်မိုဝါဆတ် ဆေးရုံမှာ အလောင်းတလောင်းနဲ့ အမျိုးသမီးတဦး အပါအဝင် ဒဏ်ရာရရှိသူ ၃ ဦးကို လက်ခံရရှိထားကြောင်း ဆေးရုံအကြီးအကဲက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်ပေးမယ်လို့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ကတိပြုခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပါတယ်။
အစ္စရေးရဲ့ရာဇ၀တ်မှုတွေကို အဖြေမထုတ်ဘဲ ဒီအတိုင်းမထားဘူးလို့ ရိုင်စီက ပြောခဲ့တဲ့ ကြေညာချက်ကို အီရန်နိုင်ငံပိုင် ရုပ်သံက သတင်းကြေညာသူက ဖတ်ကြားခဲ့ပါတယ်။
Source/Photo - Reuters