Home
မြန်မာသတင်း
သထုံတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
January 18, 2024
Tha Hton Mine Victims_18012027

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာကို ဇန်နဝါရီ ၁၈ ရက် မနက် ၁၁ နာရီခွဲက စစ်ကောင်စီရဲ့ ခမရ ၉ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝင်းပအခြေစိုက် ခမရ ၉ တပ်ရင်းကနေ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ကော့လှိုင်းရွာလေးနဲ့ ကုလားကုန်းကျေးရွာကြားကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ကျိုက္ကော်မြို့ကနေ ဆိုင်ကယ်နဲ့ဈေးဝယ်ပြန်လာတဲ့ ကော့လှိုင်းရွာကြီးက ဒေသခံအမျိုးသား စောသန်းမြင့်ဟာ လက်နက်ကြီးကျည်ထိမှန်ပြီး ညာခြေထောက် ကျိုးကြေဒဏ်ရာရရှိခဲ့တဲ့အပြင် ဇနီးဖြစ်သူ နော်ကူးကူးဟာ ညာပေါင် ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

မျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံအမျိုးသားတဦးက “ဝင်းပကနေ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာ။ ဈေးဝယ်ပြန်လာတဲ့ လင်မယား ၂ ယောက်ထိသွားတယ်။ အမျိုးသားက ခြေထောက်က တဖက်လုံး ကျိုးကြေသွားတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်ရတယ်။ အမျိုးသမီးက ပေါင်ကို ရှပ်ထိသွားတယ်။ ကျနော်တို့ ဆေးရုံကိုပို့ထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်နေတာကြောင့် ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“စစ်ကောင်စီလုပ်ရပ်က ကြာလေဆိုးလေပဲ။ ပြည်သူတွေကို ပစ်မှတ်ထားနေတော့ အစစအရာရာ စိုးရိမ်ကြောက်လန့်နေရတယ်။ ညဘက်ဆို ကောင်းကောင်းမအိပ်ရဘူး။ ဘယ်အချိန်ပစ်မလဲ အသက်အန္တရာယ် စိုးရိမ်နေရတယ်။”

ဒ့ါအပြင် သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာတွေကို စစ်ကောင်စီရဲ့ ၄၀၂ အမြောက်တပ်၊ ၅၀၂ အမြောက်တပ်နဲ့ ခမရ-၂၀၆ တပ်ရင်း တပ်စခန်းတွေကနေ နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ၁၂၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီကျော်လောက်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေ တဲ့ ကျုံမိန်ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024