မြန်မာနိုင်ငံက ဘေးဒုက္ခကြုံနေရသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အများအပြား ထောက်ပံ့သွားဖို့နဲ့ လက်ရှိပြဿနာတွေကို အဖြေရှာနိုင်ရေး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပေါ်ပေါက်လာ စေရေး ကမကထပြုဆောင်ရွက်သွားဖို့ ထိုင်းအစိုးရက စဉ်းစားနေကြောင်း ထိုင်းစစ်တပ်သတင်းရစ်မြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကာလရှည်ကြာ ဆက်လက်ဖြစ်ပွားနေဦးမယ်ဆိုရင် ထိုင်းနိုင်ငံကို သက်ရောက်လာနိုင်တဲ့ ဂယက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဆေထာထဝီးဆင် နိုင်ငံခြားရေးဝန်ကြီး ဖန်ပရီဘဟိဒါနုခါရနဲ့အတူ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ဝန်ကြီးချုပ်ဆေထာရဲ့ ဦးဆောင်မှုအောက်မှာ ထိုင်းဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ချက်အတိုင်း အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပေးပို့သွားဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
"ထိုင်းအစိုးရဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် မြန်မာစစ်ကောင်စီနဲ့ဆက်သွယ်ပြီး လိုအပ်ချက်ရှိနေတဲ့ ပြည်သူတွေဆီကို ထောက်ပံ့ကူညီမှုတွေ ပေးပို့သွားမှာဖြစ်သလို (ထိုင်း)စစ်တပ်ကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေပေးသွားမှာ ဖြစ်ပါတယ်" လို့ သတင်းရင်းမြစ်ကနေ သိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။
ပြည်တွင်းက မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကနေ ထွက်ပြေး တိမ်းရှောင်လာမယ့် စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်း-မြန်မာ နယ်စပ်မှာ စင်တာတစ်ခုဆောက်ပြီး လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ စဉ်းစားနေကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း မစ္စတာ ဖန်ပရီက ပြောခဲ့ပါတယ်။
မစ္စတာ ဖန်ပရီရဲ့အဆိုအရ အဲဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်တွေ့ဆုံဖို့အတွက် မြန်မာဘက်ကကိုယ်စားလှယ်တွေ စေလွှတ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
စစ်ဘေးဒဏ်သင့်သူတွေကို သယ်ယူပို့ဆောင်ရေး၊ ဆေးဝါးကုသရေးနဲ့ အစားအစာ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမယ့် အဲဒီဒုက္ခသည်စင်တာအသစ်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ ဆွေနွေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးသွားမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုကို ဆီလပတ်ကွန်းတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အချိန်ပိုင်းသင်ကြားပေးနေတဲ့ ဆရာ အနစ်ချိုင်း ရူအန်ရတ်သနာခွန်း က ထောက်ခံကြိုဆိုလိုက်ပါတယ်။
"ထိုင်းအစိုးရဟာ ဒီအခွင့်အရေးကို အသုံးချပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ သီးခြားနိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအတိုင်း လိုက်နာကျင့်သုံးနေသလို မိမိတို့ရဲ့ အိမ်နီးချင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာတွေကိုလည်း မသိကျိုးကျွံပြုထားမှာ မဟုတ်ဘူးဆိုတာကို ပြသနိုင်မှာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။
လူသားချင်းစာနာကူညီထောက်ပံ့မှုတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တဆင့်ပေးပို့သလို နှစ်နိုင်ငံစစ်တပ်ချင်း ချိတ်ဆက်ပြီးလည်း ပေးပို့နိုင်မှာဖြစ်တယ်လို့ သူက အကြံပြုပါတယ်။
"တကယ်လို့သာ ထိုင်းက လက်ရှိပြဿနာတွေကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်၊ ပြည်သူတွေ သေဆုံးနေတာကို လက်ပိုက်ကြည့်နေရရုံသာမက လူကုန်ကူးမှု၊ တရားမဝင်ရွေ့ပြောင်းနေထိုင်မှု၊ ကိုဗစ်-၁၉ ပိုမိုပြန့်ပွားစေမှုတို့လို့ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ဆက်လက် ပေါ်ပေါက်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။
ချူလာလောင်ကွန်း တက္ကသိုလ် နည်းပြဟောင်း နိုင်ငံတကာက်ဆံရေးနဲ့ လုံခြုံရေးပညာရှင် ပန်နီတန်ဝပ်တနာယာဂွန် ကလည်း လူသားချင်းစာနာကူညီထောက်ပံ့မှုပေးရေးဟာ အာဆီယံ သဘောတူညီချက် ၅ ချက်ထဲက တချက်ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီအတွက် ထိုင်းက တွန်းအားပေးဆောင်ရွက်နေပေမဲ့ ကူညီထောက်ပံ့မှုတွေ ပေးပို့ ဆောင်ရွက်ဖို့ အန္တရာယ်ကင်းနယ်မြေသတ်မှတ်ရေးမှာ တိုးတက်မှုမရှိသေးဘူးလို့ သူက ပြောပါတယ်။
မြန်မာ့ပဋိပက္ခမှာ အပစ်ရပ်ဆွေးနွေးဖို့နဲ့ လူမှုကူညီကယ်ဆယ်ရေး အကူအညီတွေ ပေးပို့ဖို့ အန္တရာယ်ကင်းနယ်မြေ သတ်မှတ်ဖို့တို့အတွက် တရုတ်အပါအဝင် နိုင်ငံတကာရဲ့ ကြိုုးပမ်းမှုတွေလည်း များစွာရှိနေတာကြောင့် ထိုင်းဟာ ဒီအခွင့်အရေးကိုအသုံးချပြီး လူသားချင်းစာနာ ကူညီထောက်ပံ့မှုအတွက် အန္တရာယ်ကင်းနယ်မြေ သတ်မှတ်ဖော်ဆောင်ဖို့ မြန်မာကို ကမ်းလှမ်းနိုင်မယ်လို့ ဆိုပါတယ်။
"ထိုင်းအနေနဲ့ စင်္ကာပူမှာလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မျက်နှာစာဖွင့်ဖို့ အာဆီယံ ယန္တရားကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အပစ်ရပ်သဘောတူညီမှု ရှိထားတယ်ဆိုရင် အရင်က ဝင်ခွင့်မရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို ဝင်ရောက် ကူညီနိုင်တော့မှာဖြစ်တယ်" လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်ချက်တစ်စောင်ကို အာဆီယံက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှုတွေ ပေးပို့ဆောင်ရွက်ကြဖို့၊ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို လုံခြုံစွာ နေရပ်ပြန်ပို့နိုင်အောင် ဆောင်ရွက်ပေးဖို့နဲ့ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို လိုက်နာဖော်ဆောင်ပြီး အရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအဖြေကို ရှာကြဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံအတွက် စစ်ကောင်စီကနေတဆင့် အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့ လူသားချင်းစာနာမှုအကူအညီတွေဟာ အမှန်တကယ် အခက်အခဲဆင်းရဲဒုက္ခခံစားနေရတဲ့ မြန်မာပြည်သူတွေလက်ထဲ မရရှိတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
Source: Bangkok Post