ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအနောက်ခြမ်းဒေသမှာ အရေပြားရောဂါဖြစ်ပွားတဲ့ ကလေးငယ်တွေ ဆေးကုသဖို့ အခက်ခဲတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး တိုက်ပွဲတွေဖြစ်ပြီးနောက် အဲဒီဒေသမှာ ဆေးခန်း တွေ ပိတ်ထားခဲ့ရသလို လမ်းတွေ ပိတ်ဆို့ထားတာနဲ့ ငွေကြေး အခက်ခဲတွေကြောင့် မြို့ပေါ်တက် ဆေးမကုရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်ကူညီသူ တဦးက "အများစုက ဒီတောထဲရှိတဲ့ ဆေးပင်၊ ဆေးမြစ်တွေ ပြုတ်ပြီး ရေချိုးခိုင်းတာ။ အဲဒီလို ဓလေ့ကုသနည်းနဲ့ကုတယ်။ မပျောက်ဘူး။ ပြီးရင် တယောက်နဲ့ တယောက် ကူးဖို့လည်း အရမ်းလွယ်တယ်။ ဒီဖက်က နိုင်ငံခြားဆေးတို့ မြို့မှာ သုံးတဲ့ ဆေးက ရဖို့ မလွယ်ဘူး"လို့ ပြောပါတယ်။
ယားယံမှုကို ကလေးငယ်နဲ့ ကိုယ်ခံအားနည်းသူအများစုဖြစ်ကြပြီး စစ်ရှောင်သာမက ဒေသခံ တချို့လည်းဖြစ်တယ်လို့ သိရပါတယ်။
"ကလေးတွေဆို ညဘက်မအိပ်ကြတော့ဘူး။ ဖြစ်တာက ရေကျောက်၊ ရေယုန်ပုံစံဖြစ်နေတယ်။ အရမ်းယားတယ်လို့ ညည်းကြတယ်။ အဖုပေါက်ပြီး အနာဖြစ်သွားတယ်။ရေမသန့်တာ တကိုယ်ရေသန်းရှင်းမှုလည်း အားနည်းတာလည်ပါမယ်"လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။
အဲဒီဒေသမှာ အရေပြားရောဂါအပြင် ဝမ်းရောဂါလည်းဖြစ်ပွားမှုများပြီး ကျန်းမာရေး လှည့်လည် ကုသပေးတဲ့အဖွဲ့လည်း လေးလမှ တခါရောက်တယ်လို့ ဆိုပါတယ်။
စစ်ရှောင် ၁၀၀၀ ကျော်ရှိပြီး အများစုမှာ တောတောင်ထဲ ဖြစ်သလိုနေရ၊ စားရတယ်လို့ သိရပါ တယ်။