မြောက်ကိုရီးယားနိုင်ငံဟာ အသံထက် ငါးဆမြန်တဲ့ လောင်စာခဲသုံး တာလတ်ပစ် ဒုံးကျည်တစင်း ဇန်နဝါရီ ၁၄ ရက်က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒီစမ်းသပ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် လုံခြုံရေးအရ ခြိမ်းခြောက်မှု မဟုတ်ဘူးလို့လည်း ထည့်ကြေညာပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံကို သွားရောက်တဲ့ တနေ့တည်းမှာပဲ ဒီစမ်းသပ်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တင်းမာနေပါတယ်။
အဲဒီအချိန် ပြုံယမ်းနဲ့ မော်စကို ဆက်ဆံရေး မြှင့်တင်လာတာကြောင့် ဝါရှင်တန်နဲ့ မဟာမိတ်တွေ စိုးရိမ်လာကြချိန်မှာ ဒီဒုံးကျည်သစ်နဲ့ မော်စကိုခရီးစဉ်တို့ပါ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှုတွေ၊ စစ်လက်နက်တပ်ဆင်တာတွေလုပ်ပြီး ဒေသတွင်း တင်းမာမှု မြင့်တက်အောင် လုပ်နေတယ်လို့လည်း ဇန်နဝါရီ ၁၅ ရက်နေ့မှာပဲ KCNA က သီးခြားထုတ်လွှင့်တဲ့ သတင်းတပုဒ်မှာ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။
မကြာသေးမီကာလအတွင်း မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို တသီးတခြား ရန်သူနိုင်ငံအဖြစ် ပြောင်းလဲသတ်မှတ်လာခဲ့ပါတယ်။
နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဟာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောထားပါတယ်။
Source/Photo-KCNA via REUTERS