Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်တွင် အဝေးသင်တက်ရောက်သူ ပြန်များလာ
DVB
·
January 15, 2024
Dagon University_15012024

၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ဇန်နဝါရီ ၁၃ ရက်က ဒဂုံတက္ကသိုလ်မှာ စတင်ဖွင့်လှစ်တဲ့ ပထမနှစ်နဲ့အထက် သင်တန်းတွေမှာ အရင်ကထက် တက်ရောက်သူ ပြန်လည်များပြားလာတယ်လို့ အမည်မဖော်လိုတဲ့ ဒဂုံတက္ကသိုလ် ဆရာမတဦးက ပြောပါတယ်။

အဝေးသင်ကျောင်းအပ်ခတွေ အရင်ကထက် စျေးနှစ်ဆ မြင့်တက်သွားပေမဲ့လည်း ကျောင်းအပ်တဲ့ ကျောင်းသားဦးရေကတော့ အရင်နှစ်တွေထက် ပိုမိုများပြားခဲ့ပြီး ခန့်မှန်းခြေ ကျောင်းသားဦးရေ ၃,၀၀၀ ကျော်ခန့် ရှိတယ်လို့ သူက ပြောပါတယ်။

“ကျောင်းအပ်ခက အရင် ၂ သောင်းလောက်ကနေ ဖတ်စာအုပ်တွေ စျေးတက်တာကြောင့် ၄ သောင်းကျော်လောက် ဖြစ်သွားပေမဲ့ ကျောင်းအပ်တဲ့သူတွေတော့ အရင်ထက် ပိုများလာတယ်။ ကျောင်းအပ်လက်ခံတဲ့ရက်ကလည်း လိုသေးတာဆိုတော့ ထပ်များလာဖို့ပဲ ရှိပါတယ်။”

ဒါ့အပြင် အရင်နှစ်တွေက ကျောင်းနားထားတဲ့ အဝေးသင်ကျောင်းသားတွေလည်း ကျောင်းပြန်တက်တာကြောင့် အခုလို ကျောင်းသားဦးရေ များပြားလာတာလို့ လက်ရှိ ဒဂုံတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတဦးက ပြောပါတယ်။

“အရင်နှစ်က နှစ်နားထားတဲ့သူတွေလည်း ပြန်တက်ကြတယ်။ ကျနော်တို့ ဓာတုဗေဒမေဂျာ ဆိုရင် ထိုင်ခုံအလွတ်တောင် မရှိဘူး၊ အခန်းပြည့်ပဲ။”

အခုလို စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားအများအပြား ပြန်လည်တက်ရောက်နေတာဟာ ရေရှည်မှာ တော်လှန်ရေးကို ထိခိုက်နိုင်တယ်လို့ ပြည်ပကို ရောက်ရှိနေတဲ့ CDM ကျောင်းသားတဦးက ပြောပါတယ်။

“အစိုးရတက္ကသိုလ်တွေရဲ့ ကျောင်းအပ်ခတွေ စျေးတက်တယ်ဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ သူတို့ပေးလိုက်တဲ့ ကျောင်းအပ်ခ ပိုက်ဆံတွေက စစ်ကောင်စီဆီကိုပဲ တနည်းမဟုတ်တနည်းနဲ့ ရောက်သွားမှာပါ။ သူတို့က စစ်တပ်ကို ရေရှည်ရပ်တည်နိုင်အောင် ထောက်ပံ့နေသလိုပါပဲ။”

ဒါ့အပြင် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာလည်း စစ်ကောင်စီတပ်တွေက အချိန်ပြည့် စစ်ကားတွေနဲ့ ကင်းလှည့်ပြီး လုံခြုံရေး တင်းကျပ်ထားတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကတော့ သွေးမြေကျ၊ အဖိနှိပ်ခံ ကျောင်းသားတွေရဲ့ မျက်နှာကို မထောက်ဘဲ ကျောင်းတက်ရောက်နေသူတွေကို ဒဂုံတက္ကသိုလ်ကျောင်းသားအဖြစ် အသိအမှတ်မပြုကြောင်းနဲ့ သပိတ်မှောက်ကျောင်းသားတွေကိုလည်း ဂုဏ်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024