ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ ခခူး ကွန်ပျူတာစာစီစာရိုက်ဆိုင်ကို ဇန်နဝါရီ ၉ ရက် ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးကာ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ညနေ ၅ နာရီလောက်က ရဲကော၊ စစ်တပ်ကော ရောက်လာပြီး ဆိုင်ကို မွှေနှောက်ရှာတယ်။ ဆိုင်က ကောင်လေးနှစ်ယောက်ကို ဖမ်းသွားတယ်။ ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းသွားတယ်။ PDF တွေနဲ့ ပတ်သက်လို့ဆိုပြီး ဝင်ရှာတာလို့တော့ ပြောနေကြတယ်။ ပစ်တာ ခတ်တာတော့ မကြားဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ လောက်က ခခူး ကွန်ပျူတာဆိုင်ကို ဝင်ရောက်စီးနင်းပြီး ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူကာ အသက် ၂၀ အရွယ် ကိုဘရန်နဲ့ ၁၇ နှစ်အရွယ် လူငယ်တဦးတို့ကို ဖမ်းဆီးသွားပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဇွန် ၂၁ ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တဲ့အတွက် ရုံးဝန်ထမ်း ၃ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အယောက် ၃၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။