ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ထက်ဝက်ကျော်ဟာ ပုဂ္ဂလိက ပညာရေးဥပဒေပါ စံချိန်စံညွှန်းနဲ့ မပြည့်မီတာကြောင့် ပိတ်သိမ်းရဖွယ်ရှိနေတယ်လို့ ကိုယ်ပိုင်အထက်တန်းကျောင်းလုပ်ငန်း ဖွင့်လှစ်ထားသူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကပိုင်ကိုယ်ပိုင်ကျောင်းထက်၀က်ကျော်ဟာ ပုဂ္ဂလိကပညာရေးဥပဒေသစ်မှာပါတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ကျန်းမာရေးအတွက် အစိုးရအခြေခံပညာကျောင်းတွေလို ကျယ်၀န်းတဲ့ ကျောင်း၀င်းနဲ့ စာသင်ခန်းတွေ ရှိရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့အပေါ် မပြည့်မီ မကိုက်ညီသေးတာကြောင့် ပိတ်သိမ်းရဖွယ် ရှိနေတယ်လို့ ကိုယ်ပိုင်ကျောင်းများအသင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အသစ်ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ကြောင့်ပါ။ ကျောင်းနဲ့ စာသင်ခန်းအကျယ်အ၀န်း ကျယ်ကျယ်၀န်း၀န်း ရှိရမယ်။ ကလေးတွေ ကျန်းမာရေးနဲ့ ညီညွတ်အောင် လေ၀င်လေထွက် ကောင်းရမယ်။ အဲတာတွေနဲ့ မကိုက်ညီရင် ဖွင့်ခွင့်မပေးတော့ဘူး။ ရန်ကုန်မှာရှိတဲ့ ကိုယ်ပိုင်ကျောင်း တ၀က်ကျော်လောက်က အဲဒီစည်းကမ်းနဲ့ မကိုက်ညီဘူး။ ပိတ်သိမ်းရဖွယ် ရှိနေတယ်။ လူတိုင်းတော့ ကျောင်းထောင်ပြီးတော့ မလုပ်နိုင်တော့ဘူးပေါ့။ အခုငွေအရင်းနှီးက အရမ်းများသွားပြီ။”
ပုဂ္ဂလိကပညာရေး ဥပဒေသစ်အရ ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ မီးဘေးအန္တရာယ် လုံခြုံရေးအတွက်ပါ အခန်းတိုင်းမှာ မီးသတ်ကိရိယာတွေကို အသင့်ထားပေးရမှာဖြစ်ပြီး ကလေးကစားကွင်း၊ အားကစားကွင်း၊ ဓာတ်ခွဲခန်းတွေ ပါ၀င်တဲ့ ကျောင်းနဲ့တူတဲ့ စာသင်ကျောင်းတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပြီး လိုအပ်ချက်တွေကို ၂ နှစ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်လှစ်ထားသူတဦးက “အစိုးကပေးထားတဲ့ အချိန် ၂ နှစ်တွင်းမှာ ပြန်လည်လုပ်ဆောင်ဖို့က အရမ်းခက်ခဲပါတယ်။ နယ်ဘက်တွေမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်းတွေက အများအားဖြင့် သတ်မှတ်ထားတဲ့ ကျောင်း၊ စာသင်ခန်း အကျယ်အဝန်းကို ပြည့်မီနိုင်ပေမယ့် ရန်ကုန်မှာတော့ ပုဂ္ဂလိကကျောင်းပေါင်း ၂၇၉ ကျောင်း ရှိပေမယ့် အဲဒီကျောင်းပေါင်း ၂၀၀ ကျော်ထဲမှာ ကျောင်း ၁၆၀ ကျော်လောက်က တိုက်ခန်းကျဥ်းနဲ့ လူနေအိမ်ခန်းတွေကို ငှားရမ်းပြီး ဖွင့်လှစ်ထားလို့ ပိတ်သိမ်းရနိုင်ခြေများပါတယ်” လို့ ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ပုဂ္ဂလိကပညာရေးဥပဒေသစ်မှာ ကိုယ်ပိုင်နဲ့ ပုဂ္ဂလိကကျောင်းတွေမှာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် အနည်းဆုံး ၆ လကနေ ၂ နှစ်အထိ သတ်မှတ်ထားပြီး ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ်သိန်း ၃၀ ကနေ အများဆုံးသိန်း ၅၀၀ အထိ သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
တနိုင်ငံလုံးမှာ ပုဂ္ဂလိကကျောင်းပေါင်း ၁,၂၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းမှာ ၂၇၉ ကျောင်းရှိကာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်မှာတော့ ပုဂ္ဂလိကကျောင်းအပါအဝင် အစိုးရကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ ၁၆ သိန်းကျော် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။