Home
မြန်မာသတင်း
ဖျာပုံတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေအိမ်များ၌ မဖြစ်မနေ အလံစိုက်ထူခိုင်း
DVB
·
January 4, 2024
Myanmar Flag_012024

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေအိမ်တွေမှာ နိုင်ငံတော် အလံ မဖြစ်မနေစိုက်ထူကြဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က လိုက်လံအသိပေးပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ နေအိမ်တွေရှေ့မှာ နိုင်ငံတော်အလံကို တိုင်ထိပ်အထိ လွှင့်ထူကြဖို့နဲ့  မလိုက်နာတဲ့နေအိမ်တွေကို ဒဏ်ငွေ ဆောင်ခိုင်းမှာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖျာပုံမြို့ မှာ နေထိုင်သူတစ်ဦးက "လွတ်လပ်ရေးနေ့မှာ နေအိမ်ရှေ့အလံစိုက်ဖို့ အုပ်ကြီးနဲ့ အဖွဲ့က ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက လိုက်ပြောတယ်။ အလံ မစိုက်ရင် မစိုက်တဲ့ အိမ်တွေကို ဒဏ်ရိုက်မယ်။ မဖြစ်မနေကို ထောင်ရမယ်ဆိုပြီး အုပ်ကြီးနဲ့ အဖွဲ့က ပြောသွားတယ်။ အခုမှ ဒီနေရာကို ပြောင်းလာတာဆိုတော့ အလံတွေဘာတွေလည်း ဝယ်ထားတာ မရှိဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လွတ်လပ်ရေးနေ့ နေအိမ်ရှေ့တွေမှာ မဖြစ်မနေ အလံလွှင့်ထူခိုင်းတဲ့အတွက် ဈေးကွက်အတွင်းက အလံရောင်းချတဲ့ ဆိုင်တွေမှာ နိုင်ငံတော်အလံတွေ ရောင်းကောင်းနေပါတယ်။

ဖျာပုံမြို့ခံတယောက်က “အလံက ဆိုင်တွေမှာ ဝယ်မရတော့ဘူး။ တချို့သူတွေဆို စက်လှေမှာတပ်တဲ့ အလံသေးသေးလေးတွေပဲ ဝယ်သွားကြတယ်။ ဒဏ်ရိုက်မယ်ဆိုတော့လည်း မရှိရှိတဲ့ အလံလေးတွေ ဝယ်ကြရတာပဲ။ အလံသေးသေးလေးတွေကိုတောင် ကျပ် ၅၀၀၀ ကနေ ၇၀၀၀ လောက်ထိ ရောင်းနေတယ်။ တချို့ဆိုင်တွေဆို စရံပေးထားခိုင်းပြီး ရန်ကုန်က မှာပေးမယ်ဆိုပြီး ငွေ ကြိုတင်ယူထားတာတွေလည်းရှိတယ်” လို့ပြောပါတယ်။

အခုလက်ရှိ အသုံးပြုနေတဲ့ နိုင်ငံတော်အလံကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်က စတင်ကာ မြန်မာနိုင်ငံမှာ  စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024