စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အင်မထီး(ပျူစောထီး) ကျေးရွာက ပြည်သူ ၇ ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အင်မထီးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
မိသားစု ၃ စုမှ ပြည်သူ ၇ ဦး ထွက်ပြေးလာတာဖြစ်ပြီး သက်ကြီးရွယ်အိုနဲ့ အသက်မပြည့်သေးသူတွေအပြင် ကလေးငယ်တဦးပါ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ဖို့ တောင်းဆိုလာတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “အခု သူတို့ကတော့ မြိုင်နဲ့ ပုလဲက သူတို့ရဲ့ နီးစပ်ရာ ရပ်ဆွေရပ်မျိုးတွေဆီမှာ နေကြတာပေါ့။ အင်မထီး လက်ရှိအခြေအနေကတော့ လက်ရှိ အလင်းဝင်လာတာတွေများတော့ သူတို့ လုံခြုံရေး အထူးတင်းကျပ်တယ် ကြားပါတယ်။ ဖုန်းအဆက်အသွယ်တွေ ဘာတွေလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်လို့ကြားတယ်” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေကို စစ်ဆေးမေးမြန်းပြီးနောက် ခံဝန်ကတိရေးထိုးပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင်၊ မိုးကာ၊ အဝတ်အထည်နဲ့ ငွေကျပ် ၁၅၀,၀၀၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အင်မထီးမှ ထွက်ပြေးလွတ်မြောက်လာသူတဦးက “ရွာထဲမှာက အဆင်မပြေလို့ ထွက်လာတာ။ ပေးမထွက်တော့ ဆန်တို့ ဆီတို့ ဘယ်လိုမှ ဝယ်စားလို့ အဆင်မပြေဘူး။ ကျမတို့မှာ စားစရာမရှိဘူး။ ရွာတွင်း ရွာပြင် ပေးမထွက်ဘူး။ ရွာသားတွေကိုလည်း ဖုန်းတွေပေးမကိုင်ဘူး။ ဘယ်လိုမှ နေလို့အဆင်မပြေလို့ ခိုးထွက်လာခဲ့တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း ပုလဲမြို့နယ် အင်မထီး ပျူစောထီးကျေးရွာက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာပါသေးတယ်။