မြန်မာနိုင်ငံမြောက်ပိုင်း၊ လောက်ကိုင်မှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေသူတွေဆီကနေ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ကယ်ဆယ်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံသား အယောက် ၅၀၀ ကျော်ရဲ့ အထောက်အထားတွေကို စိစစ်နိုင်ခဲ့ပြီး အဲဒီထဲက ၁၇၄ ယောက်ဟာ လူကုန်ကူးခံခဲ့ရသူတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
စစ်ဆေးတွေ့ရှိခဲ့တဲ့ အဲဒီအချက်အလက်တွေကို ဒီဇင်ဘာလ ၂၇ ရက် ညနေပိုင်းက ချင်းရိုင်အခြေစိုက် အကြီးတန်း ရဲအရာရှိတွေတက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ထိုင်း ဒုရဲချုပ် ဆူလာချတ်ဟတ်ခ်ဖန်ကို တင်ပြခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။
အဲဒီအစည်းအဝေးမှာ ချင်းရိုင် ရဲမှူးမာနော့ပ်ဆီနာကူးလ်က နိုဝင်ဘာ ၁၈ ရက်နဲ့ ဒီဇင်ဘာ ၁၅ ရက်အတွင်း လောက်ကိုင်ကနေ ထိုင်းနိုင်ငံသား ၅၂၅ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အဲဒီထဲက အများစုကိုတော့ တရုတ်နိုင်ငံကနေ တဆင့်ထိုင်းနိုင်ငံကို ပြန်ခေါ်ခဲ့တာဖြစ်ပြီး တချို့ကိုတော့ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ကနေ ပြန်ခေါ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လောက်ကိုင်ကနေ ပြန်ခေါ်နိုင်ခဲ့တဲ့ သူတို့တွေကို စစ်ဆေးပြီးတဲ့နောက် ၁၇၄ ယောက်ဟာ လစာကောင်းကောင်းရမယ်လို့ လိမ်လည်ခေါ်ဆောင်ခံခဲ့ရတဲ့ လူကုန်ကူးခံခဲ့ရသူတွေဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ရဲမှူးက ပြောပါတယ်။
သူတို့ကို အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်တွေရဲ့ စီမံခန့်ခွဲရေးဌာနမှာ လုပ်ရမှာဖြစ်တယ်လို့ လိမ်လည်ခေါ်ဆောင်ခဲ့ပြီး လက်တွေ့မှာတော့ သူတို့ဟာ ထိုင်းနိုင်ငံသားတွေကို လိမ်လည်ဖို့ ဖိအားပေး စေခိုင်းခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
တကယ်လို့ ဆက်မလုပ်ဘဲ အိမ်ပြန်မယ်ဆိုရင် ထိုင်းဘတ် ၂ သိန်းကနေ ၇ သိန်းအထိ ပေးဖို့ ရာဇဝတ်ဂိုဏ်းတွေက သူတို့ကိုပြောကြောင်း သိရပါတယ်။
လူကုန်ကူးခံရတာ မဟုတ်တဲ့သူတွေကိုတော့ မြန်မာနိုင်ငံကို ဘာကြောင့်ရောက်နေကြသလဲဆိုတာ ထိုင်းအာဏာပိုင်တွေက ဆက်လက်စုံစမ်းနေကြတယ်လို့ ဒုရဲချုပ်က ပြောပါတယ်။
အဲဒီ ထိုင်းနိုင်ငံသား ၅၂၅ ယောက်ထဲက အယောက် ၂၀ ကတော့ ရဲတပ်ဖွဲ့က အလိုရှိနေသူတွေ ဖြစ်ပါတယ်။
Source: Bangkok Post