တရုတ်နဲ့ စစ်ကောင်စီတို့အကြား ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲ စာချုပ် လက်မှတ်ထိုးလိုက်တဲ့အတွက် ရခိုင်ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်တဲ့အပေါ် အယုံအကြည်မရှိဘူးလို့ ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေက တုံ့ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ကြားက အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်တို့ဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဖို့ နောက်ဆက်တွဲစာချုပ်ကို ဒီဇင်ဘာ ၂၆ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ်ထိုးခဲ့တာပါ။
အခုလိုလက်မှတ်ထိုးပြီးတဲ့နောက် ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ့်အပြင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမယ်လို့ စစ်ကောင်စီဘက်က မက်လုံးပေးပြောဆိုမှုတွေဟာ ယုံကြည် လက်ခံနိုင်စရာမရှိဖူးလို့ ရခိုင်ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောပါတယ်။
ကျောက်ဖြူမှာ အရင်ကတည်းက ဆိပ်ကမ်းစီမံကိန်းတွေရှိပေမဲ့ ဒေသခံတွေအတွက် ကောင်းမွန်တဲ့အခြေအနေ ဘာမှဖြစ်မလာတာကြောင့် စစ်ကောင်စီရဲ့ အခုပြောဆိုမှုတွေဟာ လက်ခံနိုင်စရာမရှိဖူးလို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
“စီမံကိန်းလာရင် ဒေသခံတွေဖွံ့ဖြိုးမယ် ချမ်းသာမယ်ဆိုတာ စစ်ကောင်စီပုံမှန်ပြောနေကျ စကားပေါ့။ ဒါနဲ့ပတ်သက်ပြီး ဒေသခံတွေအတွက် လက်ခံနိုင်စရာမရှိဘူး။ အရင်ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းပရောဂျက်တွေ၊ ဓာတ်ငွေ့ဆိပ်ကမ်းပရောဂျက်တွေရှိတယ်။ ဒါပေမဲ့ ဒေသခံတွေ ဘာမှ ကောင်းလာတဲ့ အခြေအနေ ထူထောင်ပေးထားတာမရှိဘူး။ ဆိုတဲ့အခါကျတော့ လက်ရှိ ရေနက်ဆပ်ကမ်းစီမံကိန်းပေါ်မှာလည်း ဒေသခံတွေအနေနဲ့ ချမ်းသာလာဖို့ဆိုတာ ဘယ်သူမှ လက်မခံတဲ့ စကားပဲ ဖြစ်ပါတယ်။”
ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ စက်မှုဥယျာဉ်စီမံကိန်းတို့ကို အကောင်အထည်ဖော်တာကနေ ကျောက်ဖြူနဲ့ ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ရမှာသာမက မြန်မာ-တရုတ်ကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပိုပူးပေါင်းနိုင်မယ်လို့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက စာချုပ်လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ ပြောပါတယ်။
ရေနက်ဆိပ်ကမ်း စီမံကိန်းကနေ အကျိုးအမြတ်ခံစားခွင့်တွေကို ရခိုင်ပြည်သူတွေ ရသင့်ပြီး ဗဟိုချုပ်ကိုင်မှုနဲ့ လုပ်ကိုင်မယ်ဆိုရင်တော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းက ရခိုင်ဒေသခံတွေအတွက် မလိုအပ်ဖူးလို့ ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
“ဘယ်နိုင်ငံနဲ့ ကုန်သွယ်မှုလုပ်မလဲပေါ့။ ပြည်နယ်ဆိပ်ကမ်းတွေကို တိုက်ရိုက်ကုန်သွယ်ခွင့်ပေးရင် ဒေသခံတွေအတွက် အကျိုးရှိလာနိုင်တယ်။ ဟန်ပြပဲလုပ်ပြီး ပြည်မကိုပို့ ပြည်မက ပြန်ဖြန့်မယ် ဆိုရင် အသုံးချခံဖြစ်သွားတာပေါ့။ ရေနက်ဆိပ်ကမ်းမှာကပ်တဲ့ သင်္ဘောအခွန်ကို ရခိုင်က ရသင့်တာပေါ့။ အကျိုးအမြတ်ခံစားမှုပေးမယ်။ ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး တခြားလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်း စက်ရုံအလုပ်ရုံတွေ တွဲဖွင့်ပေးမယ်ဆိုရင် တဖက်က ကောင်းတယ်။ အဲ့လိုမဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုနဲ့ ပြည်နယ်အခွင့်အရေးဘာမှ မရဘူး ဆိပ်ကမ်းလည်း အသုံးပြုတယ်။ ဒေသလည်း ဘာမှမဖွံ့ဖြိုးဘူးဆိုရင် အဲ့ဒီဆိပ်ကမ်းက ကျနော်တို့အတွက် မလိုအပ်ဘူး။”
လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ကျောက်ဖြူမြို့ကို နိုဝင်ဘာလကပြီး ပိတ်ဆို့ထားပြီး လာမယ့် ဖေဖော်ဝါရီလအထိ ပိတ်ဆို့မှ သက်တမ်းတိုးကြောင်း ကြေညာခဲ့တယ်လို့ ကျောက်ဖြူမြို့ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်ရဲ့ ပိတ်ဆို့မှုကြောင့် မြို့ပေါ်နဲ့ ကျေးရွာဘက်က ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သီဟ
Photo-DSINFO