အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နျူယယ် လိုပက်ဇ်အိုဘရာဒေါနဲ့ ဒီဇင်ဘာ ၂၇ ရက်က မက္ကဆီကိုစီးတီးရှိ အမျိုးသားနန်းတော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲနယ်စပ်တလျှောက်က ရွှေ့ပြောင်းနေထိုင်မှုတွေကိစ္စ ဆွေးနွေးခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်မှုတွေကို တားဆီးဖို့နဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ အဓိကပြဿနာ ဖြစ်တဲ့ အမေရိကန်နယ်စပ်ကို ရောက်ရှိလာအောင် ကြိုးပမ်းကြသူ စံချိန်တင် အရေအတွက်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် မက္ကစီကို အစိုးရဆီက အကူအညီတောင်းခံနေတာ ဖြစ်ပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို မာယော့ကာစ်နဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး အဲလိဇဘက် ရှားဝုဒ် ရန်ဒေါလ်တို့လည်း ပါဝင်ခဲ့ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေက ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကို ဟန့်တားဖို့ အကူအညီတောင်းခံခဲ့ချိန်မှာ မက္ကဆီကိုကလည်း နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ပြန်ဖွင့်လှစ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ မက္ကဆီကို ခရီးစဉ်အတွင်းမှာ အမေရိကန် တာဝန်ရှိသူတွေကို ဖိအားပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး အလီစီယာ ဘာစီနာက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောသွားပါတယ်။
မက္ကဆီကိုအတွက် နယ်စပ်ဖြတ်ကျော်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ဖို့က အရေးကြီးကြောင်း ဘာစီနာက ပြောကြားခဲ့ပါတယ်။
အစည်းအဝေး စမလုပ်ခင် ဗုဒ္ဓဟူးနေ့က မက္ကဆီကိုသမ္မတ အိုဘရာဒေါဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်အနေနဲ့ တံတိုင်းတွေ တည်ဆောက်ခြင်းအစား လူတွေဆီမှာ ရင်းနှီးမြှုပ်နှံဖို့ အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်သူ တသန်းခွဲကျော်ဟာ အန္တရာယ်ရှိတဲ့ ဒါရီယန်ဂက်ပ် တောနက်ကနေ ဗဟိုအမေရိကထဲကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြပြီးနောက်မှာ ဒီအစည်းအဝေးကို လုပ်ဆောင်လာတာပါ။
ရာဇဝတ်မှုတွေ၊ ဆင်းရဲမွဲတေမှုနဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာသူ အများအပြားဟာ အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးပမ်းလာကြတာဖြစ်ပြီး မနှစ်က စံချိန်ထက် ၂ ဆ တိုးလာတာ ဖြစ်ပါတယ်။
Source/Photo-Reuters