မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာနဲ့ ချောင်းကြီးကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၇ ရက် မနက်အစောပိုင်းကတည်းက စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ချောင်းကြီးဒေသခံတွေထံက သိရပါတယ်။
မနက် ၈ နာရီခွဲမှာ တကြိမ်၊ ၉ နာရီမှာ တကြိမ် ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့ လေယာဉ်တွေဟာ မကွေးလေတပ်က ဂျက်ဖိုက်တာသုံးစင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာအနီးမှ ဒေသခံတဦးက “လူတချို့တော့ ပိတ်မိနေတာ၊ ထွက်မယ်လုပ်လိုက် လေယာဉ်လာလိုက်ပဲ။ နှစ်ရွာကျော်လောက်ကအထိ အသံတွေ ကြားနေရတယ်။ တဝုန်းဝုန်းနဲ့ အိမ်တွေပါတုန်တယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအများစု ထိတ်လန့်ကြောက်ရွံ့နေကြရပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ နေရာအနီးက ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားရင်း ဒေသခံတွေ ပိတ်မိနေတာ ရှိတယ်လို့လည်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပြီး အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးပါဘူး။
ဒီဇင်ဘာ ၂၅ ရက်ကလည်း ချောင်းကြီးကျေးရွာအနီးရှိ ငါးတန့်အိုင်ကျေးရွာအနီး တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပွိုင့်ကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အသေအပျောက် များပြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဗုံးသီး၊ နင်းမိုင်းတွေ၊ သေနတ်၊ ကျည်ကတ်တွေနဲ့ Jammer တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သပိတ်ကျင်းနဲ့ ချောင်းကြီးကြားကို ဝင်ရောက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅၀၉၊ ၅၁၀၊ သပိတ်ကျင်း ပကဖ တို့ဟာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲကနေ ည ၆ နာရီအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
သပိတ်ကျင်းဒေသခံတဦးက “ချောင်းကြီးအနောက်ဘက် ငါးတန့်အိုင်မှာ ထိတွေ့တာ။ (-) သေ အများအပြားနဲ့၊ R7 ၆၀ မမနဲ့ လက်နက်ငယ်အတော်များများ ရရှိလို့တယ်ပြောတယ်။ (-) သေစာရင်းတော့ ကျနော့်အနေနဲ့ အတည်မပြုနိုင်ဘူးဗျ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ် အဲဒီနေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု လာရောက်ပြုလုပ်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကို စိစစ်ဆဲဖြစ်ပြီး နယ်မြေလုံခြုံရေးကိစ္စတွေ ဆောင်ရွက်ပြီးစီးပါက ဆက်လက် သတင်းထုတ်ပြန်သွားမယ်လို့လည်း NUG စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ ချောင်းကြီးကျေးရွာအနောက်ဘက် တောင်ကုန်းပေါ်မှာ စခန်းချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတွေ အလုပ်လုပ်ကိုင်နေတဲ့ နေရာကို ကျရောက်ပြီး သေဆုံး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ ချောင်းကြီးဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃ လမ်းနဲ့ ၃၆ လမ်းထောင့်မှာ ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မော်တော်ယာဉ် စစ်ဆေးနေစဉ် သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် အမျိုးသမီးတဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေကို စစ်ဆေးနေစဉ် ဆိုင်ကယ်တစီးက စစ်ဆေးမခံဘဲ ပြန်လှည့်မောင်းတဲ့အတွက် သေနတ်နဲ့ လိုက်လံပစ်ခတ်တာဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူကို မထိဘဲ လမ်းလျှောက်လာသူ အမျိုးသမီးတဦးကို ကျည်ထိမှန်ခဲ့တာလို့ ဒေသခံတွေ ဆိုပါတယ်။
ဒေသခံတဦးက “နေ့လယ် ၁၂ နာရီလောက်က ၇၃ လမ်းနဲ့ ၃၆ လမ်းထောင့်မှာ ရဲတွေကော စစ်တပ်ကကော မော်တော်ယာဉ်တွေကို စစ်ဆေးနေတာ။ ဆိုင်ကယ်၊ ကား အကုန်စစ်တယ်။ စစ်ဆေးရေးလုပ်နေတာကို ဆိုင်ကယ်နဲ့လာတဲ့ကောင်လေးက တွေ့လို့ ဆိုင်ကယ် ပြန်လှည့်မောင်းသွားတုန်း ရဲတယောက်က သေနတ်နဲ့လိုက်ပစ်တယ်။ ဆိုင်ကယ်သမားမထိဘဲ လမ်းလျှောက်လာတဲ့ အမျိုးသမီး ထိသွားတယ်၊ သေတော့မသေဘူး။ အမျိုးသမီးက ဘယ်သူလဲဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ရင်ဘတ်ကျည်ထိမှန် (စိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး လူနာတင်ယာဉ်နဲ့ လာရောက် သယ်ဆောင်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း၊ စည်ပင်ဝန်ထမ်းတွေ နဲ့ စစ်ကောင်စီလက်အောက်ခံ တခြားဝန်ထမ်းတွေက မော်တော်ယာဉ်စစ်ဆေးမှုတွေ ပြုလုပ်ကာ သတ်မှတ်စည်းကမ်းနဲ့ မပြည့်စုံတဲ့ မော်တော်ယာဉ်တွေကို ငွေကျပ် ၃ သောင်းမှ ၁ သိန်းအထိ ကောက်ခံနေပါတယ်။