ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဒီဇင်ဘာ ၂၅ ရက် ညက ပြည်သူ ၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ၆ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာကို ဒီဇင်ဘာ ၂၅ ရက် ည ၇ နာရီ ၄၀ မိနစ်လောက်မှာ ကျောက်တော်အခြေစိုက် စခက ၉ တပ်မက စစ်ကောင်စီတပ်သားတွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ ကျောက်တော်မြို့ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ခေါင်းတုတ်ကျေးရွာက ဦးမောင်ဖြူချေ၊ ဦးထွန်းအေး၊ ဦးထွန်းထွန်းကျော်နဲ့ ဦးအောင်ကျော်တို့အပြင် အမျိုးသမီး ၄ ယောက်ကိုပါ ဖမ်းဆီးကာ စခက ၉ တပ်မထဲကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေထဲက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကိုတော့ ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ဦအောင်ကျော်နဲ့ ဦးထွန်းထွန်းကျော် တို့ကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။