ကရင်နီ (ကယား) ပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က စတင်တဲ့ ၁၁.၁၁ စစ်ဆင်ရေးကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသား ၅၀၀ ကျော် ပိတ်မိနေတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ထံက သိရပါတယ်။
လွိုင်ကော်မြို့မှာ တိုက်ပွဲတွေအကြား ပြည်သူတချို့ ပိတ်မိနေသလို လွိုင်ကော် အကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် စုစုပေါင်း အကျဉ်းသား ၅၀၀ ကျော် ပိတ်မိနေတာ ဖြစ်ပါတယ်။
အကျဉ်းသားတွေဟာ စစ်ပွဲအတွင်းမှာ အကျဉ်းသားရပိုင်ခွင့်၊ စားရေးသောက်ရေး လိုအပ်ချက်နဲ့ ကျန်းမာရေးဝန်ဆောင်မှုအတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
လွိုင်ကော်အကျဉ်းထောင်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေပါ ရှိနေပြီး ထောင်အတွင်းကို ဆေးဝါးရိက္ခာပို့ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အကျဉ်းသားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “အကျဉ်းသားတွေရဲ့ စားရေးသောက်ရေးက တော်တော်ကြီးကို ခက်ခဲမယ်ဗျ။ စစ်ပွဲအတွင်းမှာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်က လျော့နည်းလာတယ်။ အခုက စစ်ပွဲဖြစ်တာ တလနီးပါးကြာပြီဆိုတော့ အတော်ကြီးကို ခက်ခဲသွားမယ်ဗျ။ အထဲကလူတွေနဲ့ ဆက်သွယ်ဖို့ကတော့ ၁၁၁၁ အော်ပရေးရှင်း စတင်ပြီး နောက်ပိုင်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရလို့ ဆက်သွယ်ရခက်နေတယ်။ ကူညီဖို့အစီအစဉ်ကတော့ ကျနော်တို့ လမ်းကြောင်းတွေ ရှာနေကြတယ်။ ဘယ်လိုနည်းလမ်းနဲ့ ကူညီကြမလဲဆိုတာ အမြဲတမ်းစဉ်းစားနေတယ်” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကာလ တိုက်ပွဲဖြစ်ချိန်မှာလည်း လွိုင်ကော် အကျဉ်းထောင်မှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်ပြီး စားရေးသောက်ရေးခက်ခဲမှုနဲ့ ကျန်းမာရေးပြဿနာတွေကို အကျဉ်းသားတွေ ခံစားခဲ့ရပါတယ်။