ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာရှိတဲ့ အလုပ်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတဦးဟာ ဒီဇင်ဘာ ၁၉ ရက်က အလုပ်လုပ်နေရင်း အမြင့် ၃/၄ မီတာရှိတဲ့ ရေပူသိုလှောင်ကန်ထဲကို ပြုတ်ကျခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေကနေ သိရပါတယ်။
ဘန်ကောက်မြို့အနီး စမွတ်ပကန်ခရိုင်၊ ဗန်စောင်ထုံမြို့နယ်ထဲက ဖော့အလုပ်ရုံတခုမှာ မြန်မာရွှေ့ပြောင်းလုပ်သားဟာ သူတဦးတည်း အလုပ်လုပ်ကိုင်နေရင်း ရေပူသိုလှောင်ကန်ထဲ မတော်တဆ ပြုတ်ကျခဲ့ရတာလို့ သိရပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေကို ကူညီပေးနေသူတဦးက “ကြက်ရုံရှေ့က ဖော့ရုံမှာ ဖြစ်တာပါ။ အဲ့ဒီ ရေပူသိုလှောင်ကန်က ရေအေးအဖြစ် ပြန်အသုံးပြုဖို့ အမြှုပ်တွေကို ပက်ဖျန်းဖို့ သိုလှောင်ထားတာလို့ သိရပါတယ်။ အခု ဆေးရုံပို့ထားပြီးပါပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ညပိုင်းကလည်း ထိုင်းနိုင်ငံ ဆွန်ဖောင်ခရိုင် ထစဲမြို့နယ် ဟုန်စလွန်ရပ် ဝပ်ပိယာရမ် ဘုန်းကြီးကျောင်းလမ်းထဲက အဆောင်တန်းလျားတခု အနီးမှာရှိတဲ့ ရေဆိုးကန်တခုထဲ ပြုတ်ကျသေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် မြန်မာတဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။