ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ စက်သုံးဆီ ဝယ်ယူခွင့်ရတာကြောင့် တောင်သူလယ်သမားတွေ အခက်အခဲ ကြုံနေကြရပါတယ်။
ပုသိမ်မြို့နယ်မှာ ဒီဇင်ဘာလဆန်းကနေစပြီး စက်သုံးဆီဝင်ရောက်မှု နည်းပါးတာကြောင့် စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်သိမ်းထားရသလို ဖွင့်လှစ်ထားတဲ့ ဆိုင်တွေမှာလည်း ပုံးနဲ့ မရောင်းချပေးတဲ့အပြင် အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဝယ်ယူခွင့်ရတယ်လို့ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါရင် တထောင်ဖိုးတောင် ဝယ်လို့မရဘူး။ အုပ်ချုပ်ရေးမှူး ထောက်ခံစာရဖို့ သူတို့ချိန်းတဲ့အချိန် သွားရစောင့်ရတာက အလုပ်တခုလို ဖြစ်နေတယ်။ ထောက်ခံစာရပြီးရင်လည်း ဆီက တန်းစီရသေးတာဆိုတော့ အလုပ်ပျက်ပါတယ်။”
စက်သုံးဆီဝယ်ယူရာမှာလည်း လိုသလောက်မရရှိဘဲ လယ်သမားတဦးကို တချို့ဆိုင်တွေမှာ ၂ ဂါလန် ဝယ်ယူရရှိပြီး တချို့ဆိုင်တွေမှာ ကျပ် ၁၅,၀၀၀ ဖိုးသာ ဝယ်ယူရရှိတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ လုပ်ယူရာမှာလည်း အခကြေးငွေ ပေးဆောင်ရပြီး အခကြေးငွေ မပေးပါက မပြုလုပ်ပေးဘူးလို့ လယ်သမားတဦးက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူး ထောက်ခံစာကလည်း အလကားလုပ်လို့မရဘူး။ တခါလုပ်ရင် အနိမ့်ဆုံးက ၅,၀၀၀ ကနေ အများဆုံး ၁၀,၀၀၀ အထိ တောင်းတာ။ အဲ့တာတောင် လူတိုင်းလုပ်လို့မရဘူး။ သူအမြင်မကြည်သူတွေဆို လုံးဝမလုပ်ပေးဘူး။”
ပုသိမ်မြို့ရှိ စက်သုံးဆီဆိုင်တွေမှာ လိုသလောက်ဝယ်ယူလို့မရတာကြောင့် လယ်သမားတွေဟာ လယ်ယာစိုက်ပျိုးဖို့အတွက် အပြင်ဆိုင်တွေမှာ စက်သုံးဆီ ၁ ဂါလန်ကို ကျပ် ၁၈,၀၀၀ အထိ ဝယ်ယူပြီး လုပ်ကိုင်နေရပါတယ်။
စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လာတာကြောင့် အသေးစားလုပ်ငန်းတွေအပြင် ဆိုင်ကယ်တက္ကစီ၊ အိုးဝေနဲ့ ခရီးသည်တင်ကား ပြေးဆွဲသူတွေပါ အခက်အခဲ ရှိလာနေပါတယ်။