ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဖရူဆိုမြို့နယ် တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူတွေက တောင်ယာထွက် အသီးအနှံတွေ မျှဝေလှူဒါန်းခဲ့ပါတယ်။
ဖရူဆိုမြို့ တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူတွေက အသီးအနှံထွက်တဲ့ရာသီ ဖြစ်တဲ့အတွက် ဘဝတူ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ထွန်းမြန်မာဒိုနေးရှင်းမှ ကိုဖိုးဇော်က “အသီးအနှံထွက်တဲ့ ရာသီဖြစ်တော့ ဖရုံသီးဖြစ်ဖြစ်၊ သခွါးသီးပဲဖြစ်ဖြစ်၊ ငှက်ပျောအူပဲဖြစ်ဖြစ် ထွက်တဲ့သီးနှံတွေ ပြန်လှူပေးနိုင်မလားပေါ့။ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေကို ပြန်လှူချင်လို့ပါလို့ ဆိုတော့ သူတို့လည်း ဝမ်းသာအားရနဲ့ မနက်အစော တောင်ယာတွေက သွားသယ်လာပြီး လှူကြတာပေါ့” လို့ ပြောပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတချို့က ပြည်သူတွေဟာ တရက်ကို ထမင်းတနပ်သာ စားသောက်ကြပြီး ပြောင်းနဲ့ ဆန်ကွဲရောကာ ချက်ပြုတ်စားသောက်နေရတဲ့ စစ်ရှောင်စခန်းတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး လွတ်မယ်ထင်ရတဲ့ တောတောင်တွေထဲ စစ်ရှောင်နေရတာဖြစ်လို့ စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေဘဲ ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့သာ ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ရှောင်နေရတဲ့ ပြည်သူပေါင်း ၃ သိန်းကျော်ထိရှိနေပြီး စစ်ဘေးရှောင်ရတာ ၂ နှစ်ကျော်လာပြီဖြစ်တာကြောင့် ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊ မိုးကာ၊ အနွေးထည်၊ စောင်နဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။