ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ဒေသခံ ၃ ယောက်ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ALP အဖွဲ့ဝင် ၁၀ ကျော်လောက်က ဒေသခံ ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ စက်ရုံစုရပ်ကွက်၊ ရေခဲစက်နားက အသက် ၃၀ အရွယ် ကိုကျော်မျိုးအောင် အသက် ၃၅ နှစ်အရွယ် ကိုဇော်မျိုးအောင်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုဦးလင်းစိုးတို့ ဖြစ်ကြပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို စက်ရုံစုရပ်ကွက်ထဲက ALP ရုံးထဲမှာ စစ်ဆေးမေမြန်းကာ စစ်တွေ မြို့မရဲစခန်းကို ပို့ဆောင်လိုက်ကြတယ်လို့ ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ အန်စီအ တနိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတက်ဖို့ နေပြည်တော်ကို အကြိမ်ကြိမ်သွားနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော် လောက် ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတဲ့အပြင် စစ်တွေမြို့ကို စျေးလာဝယ်တဲ့ ပြည်သူ ၅၀ ကျော်ကိုဖမ်းဆီးထားပါတယ်။