ရန်ကုန်မှာ မနေ့ညကနေ ဒီနေ့မနက်အထိ ဒဂုံအရှေ့၊ တောင်ဒဂုံ၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ အရှေဒဂုံမြို့နယ် ၁၃ ရပ်ကွက် အမှတ် ၂ လမ်းမကြီးဘေးမှာ ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
"စက်ဘီးလာရင်း လမ်းမှာတွေတဲ့ ပါဆယ်ပုံးကို သွားကောက်ရင်း ဗုံးထပေါက်တာ။ တယောက်က စိုးရိမ်ရတယ်၊ နောက်တယောက် သိပ်မစိုးရိမ်ရဘူး၊ အခုဆေးရုံကိုပို့ဖို့လုပ်နေတယ်။"
တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်၊ ပိတောက်မြိုင် ၁ လမ်းမှာလည်း ဒီဇင်ဘာ ၁၅ ရက် ည ၁၀ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
"ဗုံးပေါက်တဲအသံက အတော်ကျယ်တယ်၊ ပြီးတော့ လူနာတင်ယာဥ်ရောက်လာတယ်၊ လှည့်ကင်းကား တွေရော။ အဲ့လမ်းထဲက ကောင်လေးတယောက် ထိသွားတာလို့ ကြားတယ်။"
အလားတူပင် ကြည့်မြင်တိုင်မြို့နယ် သာဓုအရှေ့ရပ်ကွက် ရထားသံလမ်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး တွေ့ရှိပြီး စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"မနေ့ညက ဗုံးပေါက်လို့ ဒဏ်ရာရတဲ့အထဲမှာ အလုံ Best Western ဟိုတယ်မှာ အလုပ်သမားတယောက်က ရန်ကုန်ဆေးရုံကြီးမှာ ဆုံးသွားတယ်။ လက်ရှိဒဏ်ရာရတဲ့ ၁၆ ယောက်ထဲမှာ ၁ ယောက်သေတယ်။"
မနေ့ည ၆ နာရီ ၅၅ မိနစ်ကနေ ဒီကနေ့ မနက်အထိ ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်တွေထဲ အလုံမှာ ၁ ဦးသေ ၄ ဦးဒဏ်ရာရ၊ ဒေါပုံမှာ ၂ ဦး၊ မင်္ဂလာဒုံ ၃ ဦး၊ တောင်ဒဂုံ ၁ ဦးတာမွေ ၁ ဦး၊ ကြည့်မြင်တိုင် ၂ ဦးနဲ့ ဒဂုံအရှေ့ ၂ ဦးဖြစ်ပြီး စုစုပေါင်း အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်အနှံ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ရဲတွေက လမ်းတွေကို ပိတ်ဆို့ရှာဖွေတာ၊ လမ်းသွားလမ်းလာတွေနဲ့ အိမ်စီးကားတချို့ကိုပါ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။