စင်ကာပူနိုင်ငံ စစ်ကောင်စီသံရုံးမှာ ဝင်ငွေခွန်သွားဆောင်သူတွေ များပြားနေတာကြောင့် စင်ကာပူရောက် မြန်မာတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကြားထဲ ဝေဖန်နေကြတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံရှိ စစ်ကောင်စီသံရုံးက ဝင်ငွေခွန် နှစ်ရာခိုင်နူန်းကို ဒီဇင်ဘာ ၁၂ ရက်ကစ ကောက်နေတာဖြစ်ပြီး ဒီနေ့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရင်း အခွန်ဆောင်မယ့်သူတွေ၊ မြန်မာနိုင်ငံကိုပြန်ဖို့ ထောက်ခံချက်ရရှိရေးအတွက် အခွန်လာဆောင်သူတွေ များခဲ့တာကြောင့် သံရုံးရှေ့မှာ လူစုလူဝေးဖြစ်ခဲ့တယ်လို့ စင်ကာပူရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
စင်ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက "သံရုံးရှေ့မှာ စိတ်ပျက်စရာကောင်းလောက်အောင် အခွန်သွားဆောင်တဲ့သူတွေများတယ်။ ပြည်သူတွေကို သတ်ဖို့ စစ်ကောင်စီကို အထောက်အပံ့ပေးတဲ့ဖြစ်ရပ်က အရှက်ရစရာပဲ" လို့ ဝေဖန်ပါတယ်။
စစ်ကောင်စီသံရုံးက ဝင်ငွေခွန်ပေးဆောင်တဲ့သူတွေပဲ ပတ်စ်ပို့သက်တမ်းတိုးပေးတာ၊ ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပေးတော့မယ်လို့ အကျပ်ကိုင်ဖိ အားပေးထားတာ ဖြစ်ပါတယ်။
စင်ကာပူရောက် မြန်မာနိုင်ငံသားတဦးက "ပတ်စ်ပို့သက်တမ်းကုန်ခါနီးသမားတွေကတော့ ဒါကိုရှောင်လွှဲလို့ရမှာမဟုတ်ဘူး၊ သံရုံးကညစ်ထားတဲ့အတွက်လေ။ သက်တမ်းလည်း ကျန်ဦးမယ့်သူတွေအနေနဲ့ကတော့ သွားမဆောင်ဖို့ တောင်းဆိုချင်တယ်။ ကိုယ်တိုင်ကလို လိုလားလား သွားဆောင်တာဆိုရင်တော့ ဒါကပြည်သူတွေအပေါ် မစာနာတဲ့ လူတန်းစားလို့ ပြော ရမယ်" လို့ ပြောပါတယ်။
အဲဒီလိုဝင်ငွေအခွန်ကောက်ခံမှုကို စင်ကာပူရှိ သံရုံးအပြင် တောင်ကိုရီးယားနိုင်ငံက စစ်ကောင်စီသံရုံးကလည်း ဒီဇင်ဘာ ၁၁ ရက်ကစတင်ကာ အသိပေးချက်ထုတ်ပြီး ကောက်ယူနေတာဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်ပရောက်မြန်မာတွေကို ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ အောက်တိုဘာလက အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး အမိန့်ကြေညာချက် ထုတ်ထားပါတယ်။
ဒါ့အပြင် ပြည်ပရောက်မြန်မာအလုပ်သမားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ မိသားစုဆီလွှဲပို့ဖို့ ဖိအားပေးထားပြီး နိုင်ငံခြားငွေရရှိရေး ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။