တနင်္သာရီတိုင်း၊ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ တက္ကသိုလ်ရပ်ကွက်၊ မြရိပ်ညို ၁၀ လမ်းက ကြံ့ခိုင်ရေးပါတီရဲ့ ဝန်ကြီးဟောင်း ဦးသိန်းလွင်ရဲ့ နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံ ပြည်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီကျော်အချိန်လောက်က ဦးသိန်းလွင်ရဲ့ နေအိမ်ခြံဝင်းနဲ့ ကပ်လျက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဆောက်အဦ၊ ခြံဝင်းနဲ့ ကား ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်တာ မရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
ရပ်ကွက်နေသူတစ်ဦးက “ပေါက်ကွဲတာ တအားပြင်းတယ်။ ပေါက်ကွဲပြီးတော့ အရေးပေါ် ကားတစီးက အသံမဖွင့်ဘဲ အချက်ပြမီးပဲ သုံးပြီး မောင်းဝင်သွားတယ်။ လမ်းထဲလည်း ကားအဝင်အထွက် များတယ်။ မုန့်ဝယ်ပြီး အိမ်အပြန်မှာလည်း စစ်တယ်ပဲ။ တက္ကသိုလ်လမ်းထိပ်မှာ စစ်နေတာ။ သေနတ်သံ ၄ ချက် ကြားတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ဦးသိန်းလွင်ရဲ့ နေအိမ်ကို အရေးပေါ်ကားတစီး ရောက်လာခဲ့တယ်လို့ သိရပြီး စစ်ကောင်စီကနေလည်း ရပ်ကွက်လမ်းတလျှောက်ကို ပိတ်ဆို့ကာ လုံခြုံရေးတင်းကျပ် စစ်ဆေးတာတွေအပြင် သေနတ်နဲ့ ပစ်ဖောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း မြိတ်တက္ကသိုလ်အနီးရှိ ထွန်းတောက်ကြယ် ကိုယ်ပိုင်စာသင်ကျောင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။