၁၉၆၀ ပြည့်လွန် ကာလတွေကတည်းက အနုပညာလောကကို ရောက်ရှိခဲ့တဲ့ ဟောလိဝုဒ် ဝါရင့်သရုပ်ဆောင်မင်းသားကြီး ရိုင်ယန်အိုနီးလ် ကွယ်လွန်သွားတယ်လို့ သားဖြစ်တဲ့ ပက်ထရစ် အိုနီးလ်က အတည်ပြု ပြောပါတယ်။
အော်စကာ ဆန်ကာတင် စာရင်းဝင် အသက် ၈၂ နှစ်အရွယ် သရုပ်ဆောင် မင်းသားကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သားဖြစ်သူက “ကျနော့် အဖေဟာ ဒီကနေ့မှာပဲ သူ့ကိုချစ်ခင်ပြီး သူက ချစ်ခင်ရတဲ့ သူ့ဘေးက ပံ့ပိုးပေးနေသူတွေကို ထားခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့ပါပြီ” လို့ အင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ပါတယ်။
သူ့မိသားစုက သေဆုံးရတဲ့ အကြောင်းရင်းကို မပြောပြခဲ့ပေမယ့် အိုနီးလ်ဟာ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက နာတာရှည် သွေးကင်ဆာရောဂါနဲ့ ၂၀၁၂ ခုနှစ်မှာတော့ ဆီးကျိတ် ကင်ဆာရောဂါတွေ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အိုနီးလ်ကိုတော့ လော့စ်အိန်ဂျလိစ်မှာ ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သရုပ်ဆောင်လောကထဲ မရောက်ခင်တုန်းက အပျော်တမ်း လက်ဝှေ့သမားတယောက် ဖြစ်ခဲ့တာပါ။
အမေရိကန် အေဘီစီ ရုပ်သံလိုင်းမှာ ၁၉၆၄ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Peyton Place ရုပ်သံစီးရီးစ်ထဲမှတော့ အိုနီးလ်က ရော့ဒ်နေ ဟာရင်တန် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ရာကနေ သူ့ကို အနုပညာလောကထဲ ရောက်ရှိစေခဲ့တာပါ။
နောက်ပိုင်းမှာတော့ သူ့ကို အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆု ဆန်ခါတင် စာရင်းဝင်စေခဲ့တဲ့ Love Story ရုပ်ရှင်နဲ့အတူ ဟောလိဝုဒ် သရုပ်ဆောင်လောကမှာ တစတစ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
Love Story ရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ်ရဲ့ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွေ အပါအဝင် ထူးချွန်ဆုတွေစာရင်းမှာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မင်းသားဆု၊ မင်းသမီးဆုတွေအပါအဝင် များစွာပါဝင်ခဲ့ပြီး အဲဒီနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုကို မင်းသမီး အလီမက်ဂရောနဲ့အတူ ဇာတ်ကားဆု၊ ဒါရိုက်တာဆုတွေအပါအဝင် ဆု ၅ ဆု ရရှိခဲ့ပြီး မင်းသားကြီးကတော့ ဆန်ခါတင်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း ၁၉၇၀ ပြည့်လွန်ကာလတွေရဲ့ နာမည်ကျော် ရုပ်ရှင်တွေအဖြစ် ထင်ရှားခဲ့တဲ့ What's Up, Doc? ၊ Paper Moon နဲ့ A Bridge Too Far တို့လို ရုပ်ရှင် တွေမှာလည်း အိုနေးလ်ဟာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ တာပါ။
မင်းသားကြီး အိုနေးလ်ဟာ သူ့ရဲ့ ဘဝတလျှောက် သရုပ်ဆောင်မင်းသမီး ဂျိုအန်နာ မိုးရ်၊ လီတေလာ ယန်းတို့နဲ့ လက်ထပ်ခဲ့ပြီး မင်းသမီး ဖာရာ ဖောဆက်ထ်နဲ့လည်း အတူနေ ချစ်သူတွေအဖြစ် နေထိုင်ခဲ့ကာ သရုပ်ဆောင်မင်းသမီး တေတန် ဘီရာထရိစ် အိုနီးလ်၊ သရုပ်ဆောင်မင်းသား ဂရစ်ဖစ် ပက်ထရစ် အိုနီးလ် တို့အပါအဝင် သားသမီး ၄ ယောက် ရရှိခဲ့ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ဟောလိဝုဒ် အနုပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။
Source/Photo - Reuters