အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအရ တိုက်ရိုက်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ILO အုပ်ချုပ်ရေးအဖွဲ့ ဒုတိယကိုယ်စားလှယ် ဒေါ် ဖြိုးစန္ဒာစိုးက ပြောပါတယ်။
ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက လက်မခံဘဲ အကောင်အထည်ဖော် ကတိကဝတ်ပြုတာ မရှိဘူးဆိုရင် လာမယ့် ၂၀၂၄ မတ်လမှာ ကျင်းပမယ့် ၃၅၀ ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာစစ်အာဏာရှင်ကို တိုက်ရိုက်အရေးယူနိုင်ဖို့ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ၂၀၂၃ ခုနှစ် သြဂုတ်မှာ တင်သွင်းခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့ရဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေပါဝင်တဲ့ သတင်းစာရှင်းပွဲကိုလည်း ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
ILO စုံစမ်းစစ်ဆေးမှုကနေပြီးတော့ လက်ရှိ မြန်မာနိုင်ငံက အလုပ်သမားတွေမှာ ကြုံတွေ့နေရတဲ့ အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ဆင်းရဲဒုက္ခတွေကိုပါ ပြည့်စုံစွာ စုံစမ်းဖော်ထုတ်နိုင်စေဖို့နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဒီအခြေအနေတွေကို သက်သေ အထောက်အထားနဲ့တကွ သိရှိနိုင်အောင်ပြုလုပ်အောင် အချိန်ကိုက်ဆောက်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ILO စုံစမ်းရေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေဖြစ်တဲ့ မြန်မာစစ်တပ်အာဏာပိုင်တွေရဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အကြမ်းဖက်မှု ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တခြားလူမဆန်တဲ့ ပြုမူမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ပုံစံမျိုးစုံနဲ့ အဓမ္မခိုင်းစေမှု ဒါမှမဟုတ် မလုပ်မနေရ ခိုင်းစေမှုတွေကို အဆုံးသတ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းခံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေအပေါ် တင်ထားတဲ့စွဲချက်တွေကို ရုပ်သိမ်းပေးဖို့၊ ရပ်တန့်သွားတဲ့ အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝပြန်လည် ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေကို စစ်ဘက်အာဏာပိုင်တွေအနေနဲ့ လိုက်နာမှုမရှိပဲ ဆက်လက်ကျူးလွန်မှုအပေါ် ILOရဲ့ ဖွဲ့စည်းစည်းမျဥ်းတွေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။”
မြန်မာအလုပ်သမားထုအနေနဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့နဲ့ လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနိုင်ဖို့၊ အလုပ်သမားအခွင့်ရေး ချိုးဖောက်နေတဲ့ စစ်အုပ်စုကို အရေးယူရုံနဲ့ မဟုတ်ပဲ ဒီအခွင့်အရေးတွေကို အလေးထားပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမဲ့ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အမြန်ဆုံးပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ ဝန်ကြီးနိုင်သုဝဏ္ဏက ပြောပါတယ်။
မြန်မာ့နွေဦးလုပ်ငန်းရှင်များအဖွဲ့ချုပ် တွဲဖက်တည်ထောင်သူ ကိုတောက်ထွန်းက “မြန်မာ့နွေဦးလုပ်ငန်းရှင်များအဖွဲ့ချုပ်ကနေ ILO ရဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံပါတယ်။ အထူးသဖြင့် တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေအတွက် တာဝန်ခံမှု၊ အလုပ်သမားသမဂ္ဂတွေအပေါ် အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရပ်တန့်ဖို့ အရေးတကြီးတောင်းဆိုချက်တွေနဲ့ ထိန်းသိမ်းခံထားရသူတွေ လွတ်ပေးဖို့ လိုအပ်ကြောင်း ကော်မရှင်က တင်သွင်းတဲ့ အကြံပြုချက်တွေကို မြန်မာ့နွေဦးလုပ်ငန်းရှင်များအဖွဲ့က ထောက်ခံပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် -COI ကို လုံးဝအသိအမှတ်မပြုသလို မြန်မာပြည်တွင်း ဝင်ရောက်စုံစမ်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
ဟန်န