RRS ဆာရ်ဒေးဗစ် အတ်တန်ဘိုရို သုတေသနသင်္ဘောပေါ်က သိပ္ပံပညာရှင်တွေဟာ အန္တာတိကတိုက်ကနေ မျောလာတဲ့ ကမ္ဘာ့အကြီးဆုံး ရေခဲကျွန်းမျောကြီးဖြစ်တဲ့ A23a ရေခဲတောင်ကြီးရဲ့ အနီးတဝိုက်က ပင်လယ်ရေနမူနာတွေကို စုဆောင်းခဲ့ပါတယ်။
ဗြိတိသျှအန္တာတိက စစ်တမ်းအဖွဲ့ကနေ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်အသစ်ထဲမှာ ကြီးမားတဲ့ ရေခဲတောင် အစွန်းတွေနားမှာ သွားနေတဲ့ သုတေသနသင်္ဘောကို ပြသထားပါတယ်။
၁,၅၀၀ စတုရန်းမိုင်ကျယ်ပြီး A23a လို့ခေါ်တဲ့ အန္တာတိတ်ရေခဲတောင်ဟာ အမေရိကန်နိုင်ငံက နယူးယောက်မြို့ထက် သုံးဆကြီးပါတယ်။
၁၉၈၆ ခုနှစ်မှာ အနောက်အန္တာတိကရဲ့ ကမ်းဦးရေတိမ်ပိုင်း ဖစ်ချ်နာရွန်းကနေ ပြုတ်ထွက်လာအပြီး ဝဒ်ဒဲလ် ပင်လယ်ကြမ်းပြင်ပေါ်မှာ ပိတ်မိသွားပြီးတဲ့နောက် ဒီရေခဲကျွန်းမျောကြီးဟာ အကြီးအကျယ် သောင်တင်နေခဲ့ပါတယ်။ ဒီရေခဲတောင်ဟာ တချိန်က ဆိုဗီယက်သုတေသနဌာန တည်ရှိခဲ့တဲ့ နေရာပါ။
မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံတွေအရ မက်ထရစ်တန် ၁ ထရီလီယံနီးပါး အလေးချိန်ရှိတဲ့ ဒီရေခဲကျွန်းမျောကြီးဟာ ခုတော့ လေပြင်းတိုက်ခတ်တာနဲ့ ရေစီးကြောင်းတွေကြောင့် အန္တာတိကကျွန်းဆွယ်ရဲ့ မြောက်ဘက်စွန်းဆီ အမြန်မျောပါသွားခဲ့ပါတယ်။
ရွေ့လျားနေတဲ့ ဒီလောက်အရွယ်အစားရှိတဲ့ ရေခဲကျွန်းမျောကို တွေ့ရခဲတယ်လို့ ဗြိတိသျှ အန္တာတိတ်စစ်တမ်းက ဆိုပါတယ်။
ဒါကြောင့် သိပ္ပံပညာရှင်တွေက ရေခဲကျွန်းမျောကြီးရဲ့ လမ်းကြောင်းကို အနီးကပ် စောင့်ကြည့်နေမယ်လို့ ဗြိတိန် အန္တာတိက စစ်တမ်းအဖွဲ့က ပြောပါတယ်။
Source/Photo-Reuters