ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်၊ စာတိုက်ရုံးလမ်းခွဲနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ အရပ်သား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁ နာရီမှာ မင်းတပ်မြို့ စာတိုက်ရုံးမှာ တပ်စွဲထားပြီး ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မင်းတပ်ကွန်မန်ဒိုတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့တာပါ။
မိနစ် ၂၀ ခန့်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေဟာ မင်းတပ် ခလရ ၂၇၄ တပ်ရင်းမှာ ဆေးကုသမှု ခံယူနေကြရင်း ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် မြို့ခံအမျိုးသား ၁ ဦး လည်ပင်းနဲ့ လက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်ယာက ပြန်လာတယ့်အမျိုးသား ၁ ဦးကိုလည်း ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မင်းတပ်ကွန်မန်ဒိုအဖွဲ့ ဦးဆောင်သူ ကိုထော်နီက“စစ်သားတွေက လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဆင်းလာတယ့်ဟာ ကျနော်တို့နဲ့ ရုတ်တရက် ထိတွေ့မှုဖြစ်ပွါးတာ၊ ကျနော်တို့ ပြန်ဆုတ်တဲ့အချိန် သူတို့ နောက်ကလိုက်လာတာ တိုက်ပွဲဖြစ်တဲ့နေရာရဲ့ အောက်ဘက်မှာ ပြည်သူ ၁ ဦးကို သူတို့သေနတ်နဲ့ပစ်တယ်၊ လည်ပင်းမှာ ဒဏ်ရာရသွားတယ်၊ တိုက်ပွဲဖြစ်တဲ့ အိမ်နားက အမျိုးသမီးရဲ့ ပိုက်ဆံ ကျပ် သိန်း ၃၀ လည်း စစ်သားတွေက လုယူသွားတယ်”လို့ ပြောပါတယ်။
တိုက်ပွဲအပြီးမှာ မင်းတပ်မြို့ စစ်ကောင်စီ ခမရ ၂၇၄ တပ်ရင်းကနေ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီး အချက် ၃၀ ခန့်ပစ်ခတ်ခဲ့တယ်လို့ မင်းတပ်ကွန်မန်ဒိုအဖွဲ့ထံက သိရပါတယ်။