ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ခရီပိုလ်ကျေးရွာမှာ ပြင်သစ်ဆယ်ကျော်သက် ၁ ဦး သတ်ဖြတ်ခံ ရမှုဟာ ပြင်သစ်လူမျိုးဖြစ်တည်မှုနဲ့ ပြင်သစ်ကိုယ်စားပြု အသတ်ခံရမှုလို့ လက်ယာစွန်း နိုင်ငံရေးသမားတွေက သတ်မှတ်လိုက်ပြီးတော့ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ လက်ယာစွန်းရောက်အဖွဲ့ဝင်တွေနဲ့ စာနာအားပေးသူ လူ ၂၀၀ လောက် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
နာမည်ကျော် ဆောဘွန်းတက္ကသိုလ်အနီး ပါရီမြို့ရှိ ပန်သီယွန် ရင်ပြင်မှာ လက်ယာစွန်းရောက် လယ်နာ့တိဖှ်အဖွဲ့မှ အဖွဲ့ဝင်တွေဟာ သောမတ်စ်ကို ဂုဏ်ပြုခဲ့ကြပြီး သောမတ်စ် အသတ်ခံရမှုဟာ ပြင်သစ်မှာ လုံခြုံရေးမရှိခြင်းကို မီးမောင်းထိုးပြနေတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ဆယ်ကျော်သက် သောမတ်စ်ကို တိုက်ခိုက်သူတွေဟာ အာရပ်နွယ်ဖွားတွေဖြစ်တယ်လို့ မျက်မြင်သက်သေတွေက စွပ်စွဲထားပါတယ်။
ရွာဘောလုံးကွင်းမှာ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး လူ ၉ ဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ပန်သီယွန်ရင်ပြင်မှာ သောကြာနေ့ညနေပိုင်းက ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ကနဦးမှာ တားမြစ်ပိတ်ပင် ခဲ့ပေမဲ့လည်း တရားရုံး တရုံးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ အရေးပါမှုကို ကိုးကားပြီး တားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
သောမတ်စ်သေဆုံးမှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံတဝန်း ညအချိန်ဆန္ဒပြပွဲ တွေ ဖြစ်ပွားခဲ့ပြီး တချို့မှာ အကြမ်းဖက်မှု ပုံစံ ပြောင်းသွားတာကြောင့် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။
ပြင်သစ်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချီတက်ဆန္ဒပြရာမှာ ပါဝင်သူ တဒါဇင် ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ယေရဲလ်ဒါးမားနာ့ဟာ မာတဲလ်ဌာနခွဲလို့ လူသိများတဲ့ ပါရီ အခြေစိုက်အဖွဲ့ တခုအပါအဝင် လက်ယာအစွန်းရောက်နဲ့ နာဇီလက်သစ် အဖွဲ့ ၃ ဖွဲ့ကို ပိတ်ပစ်ဖို့ ရည်ရွယ်ထား ကြောင်း နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
ပြင်သစ်ထောက်လှမ်းရေးဌာနက ဖော်ထုတ်ခဲ့တဲ့ အကြမ်းဖက်အစွန်းရောက် လက်ယာစစ်သွေးကြွ ၃,၀၀၀ လောက်ရှိပါတယ်။
အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တည်ငြိမ်နေပေမယ့် စနေနေ့က မြင်တွေ့ ရတဲ့ ဆန္ဒပြသူတွေရဲ့ အမျိုးသားရေး ညှိနှိုင်းဆောင်ရွက်မှုက ဖြစ်စဉ်အသစ်တစ်ခုပဲလို့ ထောက်လှမ်းရေး သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters