စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်က ကြားဖြတ်တိုက်ခိုက်ပြီး အများအပြားသေဆုံးခဲ့သလို ဗန်းမောက်မြို့နယ်မှာတော့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်ကနေ ကိုးတောင်ဘို့တိုက်နယ်ဘက်ကို အင်အား ၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။
ဒေသကာကွယ်ရေးခေါင်းဆောင်တယောက်က “အင်အား ၃၀၀ က စစ်သားတွေချည်း မဟုတ်ဘူး။ ပျူတွေလည်းပါတယ်။ အဲဒီစစ်ကြောင်းကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်သေဆုံးပြီး လက်နက်အမြောက်အများရရှိတယ်ဗျ။ တိုက်ပွဲက မနက်ခင်းအစောပိုင်း ၅ နာရီကနေ နေ့ခင်း ၁၀ နာရီအထိ တိုက်ပွဲဖြစ်ကြတာပါဗျ။ သူတို့တပ်ပျက်ပြီး အကုန်ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်စစ်ကြောင်း တပ်ပျက်ပြေးတာဟာ ကန့်ဘလူမြို့နယ်မှာ ပထမဆုံးဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကျေးရွာတွေအနေနဲ့ လေကြောင်း တိုက်ခိုက်တာတွေ ရှိနိုင်တာကြောင့် အသိ၊ သတိနဲ့နေထိုင်ဖို့ ကန့်ဘလူမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အသိပေးထားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနီးက (SNA) စခန်းကို နိုဝင်ဘာ ၁၀ ရက်မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာမှာ လက်နက်ကြီးကျည် ရွာထဲကို ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးငယ်တယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတယောက်က “ရွာအနောက်ဘက်က (SNA)စခန်း အတိုက်ခံရတာ။ နှစ်ဖက် တိုက်ပွဲဖြစ်ပြီး မနက် ၉ နာရီလောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ရာကနေ ရွာထဲ ကျည်တွေကျတယ်။ နေအိမ်တွေထိတယ်။ အသက် ၂၀ ဝန်းကျင် ကလေးမလေး တယောက်လည်း ကျောကုန်း၊ လက်၊ ခြေထောက်တွေ လက်နက်ကြီး ကျည်ထိမှန်ထားတယ်။ ဘယ်အဖွဲ့ကပစ်တဲ့ ကျည်မှန်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီ အမျိုးသားတပ်မတော် (SNA) တပ်စွဲနေထိုင်တဲ့ ပင်ဟင်းခါး-သာယာကုန်း၊ ကြောင်လည်၊ ပင်းခါနဲ့ ဝှေပုံ စတဲ့နေရာတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ကလည်း ပင်ဟင်းခါးကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်အတွင်း ထမင်းချက်နေတဲ့ အမျိုးသမီးတယောက် သေဆုံးသွားခဲ့ပါတယ်။
Photo Shanni Army