တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန်ဟာ မြန်မာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိစ္စ၊ နယ်စပ်ရှိ အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နဲ့ ပြည်သူ့လုံခြုရေးဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်ရှိ စစ်ကောင်စီရုံးမှာ အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာ MNDAA ကိုးကန့်တပ်တွေက နယ်မြေ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်နေတဲ့ကိစ္စ၊ လောက်ကိုင်မှာ ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သကဲ့သို့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး အပါအဝင် တခြားကမ္ဘာ့နိုင်ငံအရေးတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ပြီး သူတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ကာ တခြားနိုင်ငံတွေအပေါ် Double Standard စံသတ်မှတ်ချက် နှစ်မျိုးနဲ့ ချယ်လှယ်ဆောင်ရွက်နေတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရောင်းချနေတာ၊ လက်နက်ခဲယမ်းတွေ ထုတ်လုပ်နေတာ၊ တရားမဝင်အွန်လိုင်း လောင်းကစားမှုတွေနဲ့ ဆက်သွယ်ရေး လိမ်လည်မှုတွေကို ထိထိရောက်ရောက် တင်းကျပ် နှိမ်နင်းဖော်ထုတ် ဆောင်ရွက်သွားမယ့်ကိစ္စတွေ စိစစ်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။
တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင်နဲ့ မတွေ့မီ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ မနေ့ ညနေက နေပြည်တော် Horizon Lake View ဟိုတယ်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းလည်း တရုတ်နိုင်ငံကို (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာ ၂၈ ရက်ကတည်းက ရောက်နေတာဖြစ်ပါတယ်။
Photo- DSINFO