၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ၄ ရက်အတွင်း စစ်ကောင်စီခံတပ်စခန်း ၇၁ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ညီနောင်မဟာ မိတ် ၃ ဖွဲ့က အောက်တိုဘာ ၃၀ ရက် ညနေက ထုတ်ပြန်ပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ "မိုင်ကျက်” နဲ့ "ဖောင်းဆိုင်" ဘက်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုအား အောက်တိုဘာ ၃၀ ရက် မနက် နာရီ ၁၅ မိနစ်က ကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကိုးကန့် MNDAA၊ တအောင်း TNLA၊ ရက္ခိုင့်တပ်တော် AA တို့ပူးပေါင်းပြီး ထုတ်ပြန်ထားတာပါ။
ကွမ်လုံမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ဆင်ရေးကို ဆက်လက်အရှိန်မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးသတင်းတွေ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေရဲ့ အသေးစိတ် အချက်အလက်တွေ ရရှိပြီးပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။
စစ်ရေးလေ့လာသူပညာရှင်တဦးက "၁၀၂၇ စစ်ဆင်ရေး စတဲ့ အောက်တိုဘာလ ၂၉ ရက် ပထမနေနဲ့ ဒုတိယ၊ တတိယနေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ရဲစခန်း၊ စစ်ကောင်စီတပ်စခန်းများနဲ့ ဗျူဟာကျတဲ့ တောင်ကုန်းစခန်း ၆၇ ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ခဲ့နိုင်ခဲ့ကြတယ်။ ဒီနေ့ အောင်တိုဘာ ၃၀ နေ့မှာ ဖောင်းဆိုင်ဘက်မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၄ ခုကို ထပ်သိမ်းပိုင်လိုက်တော့ အားလုံး ၇၁ ခုအထိ သိမ်းပိုက်သွားပြီပေါ့ဗျာ။ ဒါက မြန်မာသမိုင်းမှာ တော်လှန်ရေးဘက်က အအောင်မြင်ဆုံးနဲ့ အမြင့်ဆုံးစခန်းသိမ်းတိုက်ပွဲတွေလို့ ပြောလို့ရတယ်" လို့ ပြောပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ကြပြီး စစ်ကောင်စီ အရာရှိစစ်သည်တွေ အပါအဝင် တပ်သားအလောင်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။