ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ကွတ်စခန်းနဲ့ ကချင်ပြည်နယ်က လဲလုံစခန်းကို KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အမှတ် ၁ ၊ ၂ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး နှစ်ဦးကို နေပြည်တော် ခေါ်ယူသတိပေးတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"စစ်ဆင်ရေးကိစွနဲ့ ကစထမှူး ၁ နဲ့ ၂ ကို ခေါ်တွေ့တာ နေပြည်တော်ကို၊ စစ်တပ်ဘက်က သေတာတွေရော၊ လက်နက်တွေပါတဲ့ကိစွရော ဒဏ်ရာရတဲ့ကိစ္စတွေ ခေါ်ပြောတာ။"
အလားတူပင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ရွာအနီးရှိ ဗန်းမော်-ဝိုင်းမော်ကားလမ်းထိန်း စခန်းဖြစ်တဲ့ လဲလုံစခန်းကို ဇူလိုင် ၈ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ၈၁ ကြိမ်တိုက်ခိုက်ခံရပြီး အမှတ် ၂ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင်ကိုလည်း ခေါ်ယူသတိပေးတယ်လို့ ပြောပါတယ်။
"ကစထမှူး ၂ က ပိုဆိုးတယ်။ ဒီနယ်မြေမှာ ဆုံးရှုံးမှုတွေပိုများတယ်။ စစ်မတိုက်ဘဲ ထွက်ပြေးတာတို့၊ လက်နက်တွေယူပြီး ထွက်ပြေးသွားတို့၊ အောက်ခြေမှာဖြစ်နေတာတွေကို အထက်အရာရှိတွေကို အမှန်တိုင်းမပြောတာ၊ စစ်စခန်းတွေ အသိမ်းခံရတာ အများကြီးပဲ" လို့ စစ်ဘက်နဲ့နီးစပ်သူက ပြောပါတယ်။
အမှတ် ၁ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့မန္တလေးတိုင်းက စစ်ရေးကိစွတွေကို ဦးဆောင်နေသူတဦးဖြစ်ပါတယ်။
အမှတ် ၂ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင်ကတော့ ရှမ်းပြည်နယ်အရှေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်က စစ်ရေးကိစွတွေကို ဦးဆောင်သူတဦးဖြစ်ပါတယ်။
လတ်တလောမှာ စစ်ခေါင်းဆောင်က ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ကွတ်စခန်း နဲ့ ကချင်ပြည်နယ်က လဲလုံစခန်းကို အင်အားအများအပြားနဲ့ပြန်လည်သိမ်းယူဖို့ စီစဥ်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။