ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လဲကျေးရွာမှာ ဆေးမြစ်ရှာတဲ့ အမျိုးသမီးတယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာ ဇောင်လဲရွာခံ အမျိုးသမီး ၅ ယောက်ဟာ ရွာနဲ့ ၄ မိုင်ခန့်ဝေးတဲ့နေရာမှာ လိပ်ပြာဥ(ဆေးမြစ်) ရှာကြရင်း ဖလမ်းမြို့အခြေစိုက် ခလရ-၂၆၈ တပ်ရဲ့ ထင်းရူးစခန်းအနီးမှာ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
မိုင်းနင်းမိတဲ့ အမျိုးသမီးဟာ ညာဘက်ခြေထောက်ပြတ်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၅ နှစ်အရွယ် ဒေါ်ဗျက်နှဲမ် ဖြစ်ပြီး သားသမီး ၆ ယောက် ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ လိပ်ပြာဥရှာကြတာ၊ ထင်းရှူးစခန်း ခြံစည်းရိုးနား ရောက်သွားတော့ ဆွဲမိုင်းလား၊ တိုက်မိုင်းလားမသိဘူး နင်းမိတာ” လို့ ပြောပါတယ်။
ဇောင်လဲရွာခံတွေက ဒေါ်ဗျက်နှဲမ် နင်းမိတဲ့မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်း ဖြစ်တယ်လို့ ပြောဆိုကြပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။