ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အောက်တိုဘာ ၁၈ ညပိုင်းက မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားတယောက် သေဆုံးကာ အမျိုးသား နှစ်ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း နေရာမှာ ရေမဆေးကျောက် ရှာဖွေနေစဉ် ပေ ၆၀ လောက်မြင့်တဲ့ မြေစာပုံ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ရေမဆေးရှာဖွေသူ အမျိုးသားတစ်ဦးက “မနေ့ည ၉ နာရီခွဲ လောက် ကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ ရေမဆေးရှာဖွေနေချိန် မြေစာပုံပြိုကျတာ။ မြေစာပုံက မြင့်တယ်။ ပေ ၆၀ လောက်ရှိတယ်။ အဲဒါပြိုကျလို့ နှစ်ဦးကတော့ ထိခိုက် ဒဏ်ရာ ရသွားတယ်။ တစ်ဦးကတော့ မြေစာပိပြီး သေတယ်။ အမျိုးသားတွေချည်းပဲ”လို့ ပြောပါတယ်။
ဆန်ခါကျေးရွာမှာ နေထိုင်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကိုလှကျော်စံ မြေစာပုံပိမိတဲ့အတွက် သေဆုံးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးကုသမှုခံယူနေရပါတယ်။
Photo - CJ