ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ဟွာမြောင်အထည်ချုပ်စက်ရုံက အထည်ခိုးယူတယ်ဆိုပြီး အမှုဆင်တရားစွဲဆိုထားတဲ့ အလုပ်သမားနှစ်ဦးကို ဒီနေ့ညနေမှာ စက်ရုံဘက်က အမှုရုပ်သိမ်းပေးလိုက်တာကြောင့် ပြန်လွတ်လာတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
ဟွာမြောင်စက်ရုံက အလုပ်သမ နှစ်ဦးကို အောက်တိုဘာ ၂ ရက်က အထည်ခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်ရုံ HR မန်နေဂျာဖြစ်သူက ရွှေပြည်သာမြို့နယ်ရဲစခမ်းမှာ ပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။
အဲဒီစက်ရုံဟာ စက်တင်ဘာ ၂၆ က ပိတ်သိမ်းကြောင်း ကြေညာထားပြီး လုပ်ခအားခနဲ့ နစ်နာကြေးရရှိရေး အလုပ်သမားတွေက အိမ်မပြန်ဘဲ စောင့်ဆိုင်းတောင်းဆိုခံနေရတဲ့ရုံဖြစ်ပြီး ညအိပ်တောင်းဆိုတဲ့ ပထမရက်မှာပဲ အဲဒီအလုပ်သမားနှစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရတာလည်း ဖြစ်ပါတယ်။
STUM တာဝန်ရှိသူတဦးက "ဒီနေ့တရားရုံးမှာ အလုပ်သမားနှစ်ဦးကို တရားစွဲဆိုထားတဲ့သူ ဘက်က အမှုရုပ်သိမ်းပါတယ်ပြောလို့ တရားရုံးကနေ လွှတ်ပေးလိုက်တာလို့ သိရတယ်။ တရားသေလွှတ်တာလား၊ ဘယ်လိုလဲဆိုတာ ရုံးဖွင့်ရက်ကြမှ ရှေ့နေနဲ့ စုံစမ်းရမှာ" လို့ ပြောပါတယ်။
ဟွာမြောင်စက်ရုံက အလုပ်သမားတွေက စက်တင်ဘာလအတွင်း သမဂ္ဂဖွဲ့စည်းဖို့ ပြင်ဆင်ခဲ့ကြပြီးနောက်မှာ သမဂ္ဂဖွဲ့မယ့်သူတွေ သတိပေးခံရသလို အထည်အော်ဒါ မရှိတော့တဲ့အတွက် စက်ရုံပိတ်သိမ်းမယ်ဆိုပြီး ဖြစ်လာတာလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
အခု ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူနှစ်ဦးဟာလည်း အလုပ်သမားတွေ ဖွဲ့စည်းမယ့် သမဂ္ဂ စာရင်းထဲ ပါဝင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အဲဒီစက်ရုံက အလုပ်သမား ၂၀၀ နီးပါးလောက်ဟာ စက်ရုံကပေးတဲ့ နို့တစ်ကြေးနဲ့ နစ်နာကြေးတွေက မျှတမှုမရှိလို့ဆိုပြီး အိမ်မပြန်ဘဲ ငါးရက်မြောက်အဖြစ် ဆက်လက်စောင့်ဆိုင်း တောင်းဆိုနေကြပါတယ်။
"မနေ့ကတော့ စက်တင်ဘာလစာနဲ့ စက်ရုံကပေးတဲ့ လျော်ကြေးကို အလုပ်သမားအနည်းစုက လက်ခံယူသွားတယ်။ ကျန်အလုပ်သမားတွေကတော့ ဆက်ပြီးတောင်းဆိုနေတယ်" လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
အဲဒီလို အလုပ်ရှင် အလုပ်သမား နှစ်ဘက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးကနေ ညှိနိူင်းဖို့ ချိန်းဆိုထားပြီး အဲဒီအချိန်အထိ အလုပ်သမားတွေ ဆက်လက်စောင့်ဆိုင်းတောင်းဆိုနေမှာလို့ ဆိုပါတယ်။