အိန္ဒိယက ဆန်တင်ပို့ရောင်းချမှု ပိတ်ပင်လိုက်ပြီးတဲ့နောက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်အဝင် ကျပ်တည်းလာတာကြောင့် နိုင်ငံခြားကို ဆန်တင်ပို့နေတဲ့ ထိုင်းနိုင်ငံက လယ်သမားတွေဟာ ဆန်ဈေးတက်နေတာကို အခွင့်ကောင်းယူဖို့အတွက် စပါးအထွက်တိုးအောင် အပြေးအလွှား လုပ်ဆောင်နေကြပါတယ်။
ပုံမှန်အချိန်ဆိုရင် တနှစ်မှာ အဓိက စပါးနှစ်သီး စိုက်နေကျဖြစ်ပြီး ခုလိုနှစ်လယ်ကာလမျိုးမှာ ရေထိန်းသိမ်းဖို့အတွက် စပါးစိုက်တာကို ရှောင်ကြဉ်ကြပါတယ်။ ဒီနှစ်မှာတော့ ထိုင်းလယ်သူမ စရီဖိုင်ကျောက်အမ်မ်ဟာ စပါးပိုရဖို့အတွက် သုံးသီးစိုက်ပျိုးမှုကို အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်းလယ်သူမ စရီဖိုင်ကျောက်အမ်က “အိန္ဒိယက ဆန်တင်ပို့နေတာ ရပ်လိုက်တော့ ဆန်တတန်ကို ဘတ်တသောင်းကနေ နှစ်သောင်းဈေးအထိရဖို့ စိတ်ကူးယဉ်ထားတယ်။ ကမ္ဘောဒီးယားတို့ ဗီယက်နမ်တို့ကလည်း စပါးပိုစိုက်ကြမှာပဲလို့ လူတွေပြောနေကြတယ်။ ဒါကြောင့် ကျမတို့ မြန်မြန်လုပ်ရမယ်။ လယ်သမားအကုန် အလုပ်ရှုပ်နေကြလို့ ဘယ်သူ့ဘယ်သူမှ လှည့်မကြည့်အားကြဘူး” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်နက်ခရိုင်က လယ်သူမ စရီဖိုင်က လက္မအနည်းငယ်အရွယ်ပဲ ရှိသေးတဲ့ သူ့စပါးခင်းကို ညွှန်ပြနေရင်း ပြောပါတယ်။
“လက်ရှိ ဆန်ပေါက်ဈေးနဲ့ ရောင်းနိုင်ဖို့က မြန်မြန်ဆန်ဆန် လုပ်ဖို့လိုတယ်။ ဒါက ကျမတို့အတွက် အခွင့်အရေးရတာပါ။ အရင်ကအတိုင်း ဒီနေ့စပါးရိတ်ပြီးရင် မနက်ဖြန် ကောက်ရိုးတွေ ရောင်းရင်ရောင်း၊ မရောင်းရင်လည်း လယ်ကွင်းထဲမှာပဲ မီးရှို့ပစ်လိုက်မယ်။ ဒါမှပဲ စပါးခင်းထဲ ရေပြန်သွင်းပြီး စပါးအထွက် နောက်ထပ် မြန်နိုင်သမျှ မြန်အောင်လုပ်ရမယ်။”
ထိုင်းဘတ်နှစ်သိန်းလောက် အကြွေးတင်နေတဲ့ စရီဖိုင်အတွက်တော့ ဆယ့်ငါးနှစ်အတွင်း ဈေးအမြင့်ဆုံး ဖြစ်နေချိန်မှာ စပါးများများထွက်ပြီး ရောင်းရဖို့ မျှော်လင့်နေပါတယ်။ စပါးစိုက်ပျိုးပြီး ကမ္ဘာ့ဈေးကွက်ထဲကို သင်္ဘောနဲ့ အများဆုံး တင်ပို့ရောင်းချနေကျ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု အကြီးအကျယ် လျှော့ချလိုက်တာကြောင့် ဈေးတွေ မတရားတက်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီးက ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ကမ္ဘာ့ဆန်ဈေး ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာတာကို သတိထားမိခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံက လယ်သမားများအတွက်တော့ ပွပေါက်တိုးမယ့် အချိန်အခါပဲလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အယ်လ်နီညို ရာသီဥတုပုံစံကြောင့် ထိုင်းလယ်သမားတွေ အလွန်အမင်း မှီခိုနေရတဲ့ မိုးရေချိန်က ဒီနှစ်ထဲမှာ ၁၈ ရာခိုင်နှုန်း လျော့နည်းသွားတာပါ။ ဒါ့အပြင် စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့ ရေလှောင်ကန်တွေထဲက ရေပမာဏကလည်း တဝက်သာသာလောက်ပဲ ရှိတော့တယ်လို့ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ဌာနက အချက်အလက်တွေမှာ ပါရှိပါတယ်။
ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးသုတေသနဌာန စိုက်ပျိုးရေးပညာရှင် နိဖွန်ပိုပေါင်စခွန်က “ဒီနှစ်က ဆည်တွေထဲက ရေပမာဏ တော်တော်ကို လျော့ကျနေတာ။ နောက်နှစ်ဆို ရေအခြေအနေ ပိုဆိုးဖို့ရှိတယ်။ သိတဲ့အတိုင်း စပါးစိုက်ဧက တအားများတော့ အခက်အခဲရှိလာမှာပဲ” လို့ ပြောပါတယ်။
ဘန်ကောက်မြို့လယ်ကောင်ကို ဖြတ်သန်းစီးဆင်းတဲ့ ကျောက်ဖရားမြစ်ဟာလည်း စိုးရိမ်ရတဲ့အထိ ရေမျက်နှာပြင် နိမ့်ကျနေတယ်လို့ ဆည်စောင့်ကြည့်ရေးဌာနက ဖော်ပြထားပါတယ်။
ချိုင်နက်ခရိုင်က လယ်သမားမျိုးရိုးကနေ ဆင်းသက်လာပြီး ကိုယ်တိုင်လည်း တသက်လုံး လယ်လုပ်လာတဲ့ စရီဖိုင်က ခုလို ခြောက်သွေ့တဲ့ရာသီမျိုးကို သူ့တသက်တခါမှာ မကြုံဖူးသေးဘူးလို့ ဆိုပါတယ်။
ရေအရင်းအမြစ် ထိန်းသိမ်းဖို့လိုတဲ့အတွက် သီးထပ်စပါးစိုက်ပျိုးတာကို ကန့်သတ်သင့်တယ်လို့ ထိုင်းအစိုးရ အကြံပေးဘုတ်အဖွဲ့က အကြံပြု နှိုးဆော်ထားပါတယ်။ ဒါပေမဲ့လည်း စရီဖိုင်နဲ့ တခြားလယ်သမားတွေအတွက်က အစိုးရရဲ့ နှိုးဆော်ချက်ကို အလေးမထားဖို့ အကြောင်းပြချက်ကောင်းတွေ ရှိနေပါတယ်။
စိုက်ပျိုးရေးပညာရှင် နိဖွန်ပိုပေါင်စခွန်က “အစိုးရက အကြွေးလျှော့ပေါ့ပေးရင်လည်း လယ်သမားအတွက် ရေရှည်အဆင်မပြေဘူး။ သက်သာလည်း ခနပဲ။ စိုက်ပျိုးရာသီ ပြန်ရောက်တော့ လယ်သမားတွေ ဘာလုပ်ကြလဲဆိုတော့ စိုက်ပျိုးရေးဘဏ်ကိုသွားပြီး စိုက်စရိတ်ပျိုးစရိတ် ငွေချေးကြဦးမယ်။ အဲဒီမှာ အကြွေးက ပြန်တက်လာဦးမှာပဲ” လို့ ပြောပါတယ်။
ရေကြီးခြင်း၊ မိုးခေါင်ခြင်းနဲ့ ပိုးမွှားကျရောက်ခြင်း စတဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေက စရီဖိုင် သာမက အခြား များစွာသော လယ်သမားတွေရဲ့ ငွေကြေးဆိုင်ရာ တာဝန်ရှိမှုတွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။
အစိုးရသစ် တက်မလာမီကတည်းက စရီဖိုင်နဲ့ စိုက်ပျိုးရေးအကြွေးဝန်ပိနေတဲ့ ဒေသထဲက တခြားလယ်သမားတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းကို စိုက်ပျိုးရေးဝန်ကြီးဌာနကို စည်းရုံးပြောဆိုဖို့အတွက် ဘန်ကောက်မြို့တော်ကို အကြိမ်ကြိမ် သွားရောက်ခဲ့ကြပါတယ်။
လယ်သမားတွေ ကြွေးထူရခြင်းရဲ့ အဓိကအကြောင်းရင်းက အစိုးရမူဝါဒ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ စိုက်ပျိုးရေးပညာရှင် နိဖွန်ပိုပေါင်စခွန်က ဆိုပါတယ်။
ရေအရင်းအမြစ် စီမံခန့်ခွဲမှု ချောမွေ့စေဖို့၊ အထွက်နှုန်း တိုးတက်စေဖို့အတွက် တိကျတဲ့ စိုက်ပျိုးနည်းစနစ်တွေ အကောင်အထည်ဖော်ဖို့၊ စိုက်ပျိုးရေးထွက်ကုန်တွေအတွက် စျေးကွက်သစ် ရှာဖွေတာနဲ့ လူတဦးချင်း ကြွေးမြီမြင့်တက်လာကို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။
စပါးစိုက်ခင်းထဲမှာ တသက်လုံး အလုပ်ကြိုးစားခဲ့တဲ့ လယ်သူမ စရီဖိုင်အတွက်တော့ လက်ရှိ စပါးပေါက်ဈေး အခြေအနေက သူ့ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ပေးနေပါပြီ။
လယ်သူမ စရီဖိုင်ကျောက်အမ်မ်က အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ သူ့အိမ်ရှေ့မှာ ထိုင်နေရင်း “အခုက ဆန်ဈေးကောင်းနေတော့ မျှော်လင့်ချက်ရှိတယ်။ အကြွေးပြန်ဆပ်နိုင်မလားပေါ့။ တခြား လိုတာတွေ ဝယ်နိုင်ခြမ်းနိုင်မယ်။ နေရထိုင်ရတာ အဆင့်အတန်းရှိရှိ နေနိုင်မလားလို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။