ထိုင်းရဲတပ်ဖွဲ့က ထိုင်းဘတ်ငွေ သန်း ၃၀၀ (ဒေါ်လာ ၈ ဒသမ ၁၅ သန်း) တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၁၅ သန်းကျော်နဲ့ တခြားတရားမ၀င် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ အခုနှစ်အတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါး နှိမ်နင်းမှု တခုဖြစ်တယ် လို့ စက်တင်ဘာ ၂၈ ရက်မှာ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဘန်ကောက်မြို့တော် မြောက်ပိုင်း နခွန်ပထုမ်ခရိုင်ရှိ နေအိမ်တလုံးမှာ မက်သာဖက်တမင်း ၄၂၀ ကီလိုဂရမ်နဲ့ ဘိန်းဖြူတချို့ အပါအဝင် လူ ၄ ဦးကို စက်တင်ဘာ ၂၇ ရက် နှောင်းပိုင်းက ဖမ်းဆီးခဲ့တာပါ။
ထိုင်းနိုင်ငံ တရားရေး၀န်ကြီး ထားဝီးဆော့ဒ်ဆုန်းက ဒီဖမ်းဆီးရရှိမှုဟာ ထူးထူးခြားခြား အောင်မြင်မှုတခုဖြစ်ပြီး သုံးသပ်ကြည့်ရသလောက် အဓိက မူးယစ်ဆေးဝါး သိုလှောင်မှု ဖြစ်ပုံရတယ်လို့ ပြောပါတယ်။
လတ်တလောအချိန်တွေအတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါးနှိမ်နင်းမှုလို့တောင် ဆိုနိုင်ပြီး ဒါ့အပြင် တကယ့်ကို လူနေထူထပ်တဲ့ ထိုင်းနိုင်ငံရဲ့ အလယ်ဗဟိုမှာ တည်ရှိနေတာပါလို့ ဆိုပါတယ်။
ရဲချုပ် သော်ဆက်ခ် ဆူကာဝီးမိုကတော့ ဒီမူးယစ်ဆေးရဲ့ မူလအစက အိမ်နီးချင်းနိုင်ငံတွေကနေ ဖြစ်ပြီး မူးယစ်ဆေးဝါးတွေကို တဖက်နိုင်ငံမှာ ထုတ်လုပ်နေတာလို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ အခြေအနေကို သုံးသပ်ကြည့်ရာမှာ သူတို့ဟာ စစ်တိုက်ဖို့အတွက် လက်နက်တွေဝယ်ရာမှာ ငွေကို သုံးစွဲရမှာ ဖြစ်တာကြောင့် မူးယစ်ဆေးဝါး ပမာဏ ဒီလောက်များနေရတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးရမိမှုဟာ ဘတ်ငွေ သန်းပေါင်းများစွာ တန်ဖိုးရှိကြောင်း ထင်ရှားနေတယ်လို့လည်း ရဲချုပ်က ပြောပါတယ်။
ကုလသမဂ္ဂက အခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ ဓာတုဆေးဝါး မှောင်ခိုရောင်းဝယ်မှုဟာ တဟုန်ထိုး များပြားလာနေတာဖြစ်ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသကနေ စိတ်ကြွဆေးပြား အမြောက်အမြား ဆက်လက် ထုတ်လုပ်နေတာကြောင့် မှောင်ခိုလမ်းကြောင်းတွေကိုလည်း ချဲ့ထွင်လာကြတယ် လို့ ပြောကြားထားပါတယ်။
Source/Photo-Reuters