မြန်မာနိုင်ငံရဲ့ ပို့ကုန်မူဝါဒ သတ်မှတ်ကန့်သတ်ချက်နဲ့ ကမ္ဘာ့ပြောင်းဈေးအကျကြောင့် ပြည်ပကို ပြောင်တင်ပို့နိုင်ဖို့ အခက်တွေ့နေတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။
“ပြဿနာက သူတို့ပေးတဲ့ဈေးက ကမ္ဘာ့ပြောင်းဈေးထက် နည်းတာလည်း ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာက သူများနဲ့ မတူတဲ့ မူဝါဒရှိတယ်။ ဒေါ်လာကို ကျနော်တို့က ၁၀၀ ရာခိုင်နှူန်း အပြည့်သုံးခွင့်မရှိဘူး။ မရှိတဲ့အတွက် လက်တွေ့မှာ အဆင်မပြေဘူး။ အဲပြဿနာ နှစ်ခုကြောင့်ပါ။”
မကြာခင်မှာလည်း မြန်မာ့ပြောင်းကို တရုတ်နိုင်ငံက ဘိန်းအစားထိုးအနေနဲ့ ဝယ်ယူဖို့ ရှိနေပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပေးတဲ့ဈေးကလည်း နည်းနေတာကြောင့် တင်ပို့ရောင်းချဖို့ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။
“တရုတ်က ဝယ်နိုင်တဲ့ဈေးနဲ့ မြန်မာနိုင်ငံက ရောင်းနိုင်တဲ့ဈေးနဲ့က မနှစ်ကနဲ့ မတူဘူး။ တရုတ်ကဝယ်နိုင်တဲ့ ဈေးက အရမ်းနည်းနေတော့ အဆင်မပြေဘူး။ ကမ္ဘာ့ပြောင်းဈေးကလည်း ကျနေတာလည်း ပါတာပေါ့၊” လို့ ပြောင်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းပြောင်းဈေးက ၁ ပိဿာကို ရန်ကုန်ဈေး ၁၀၅၀ ကျပ်ထိ အနိမ့်ဆုံးဈေးထိ ကျဆင်းနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ၁ ပိဿာကို ၁၁၈၀ လောက်ထိရှိခဲ့ပါတယ်။
စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အဘက်ဘက်က မြင့်တက်နေချိန် အခုလိုပြောင်းဈေး မရရှိတာက စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအတွက် နစ်နာစေတယ်လို့ ပြောင်းစိုက်ပျိုးတောင်သူတွေက ဆိုပါတယ်။
ပြည်ပ ပြောင်းတင်ပို့မှုက တနှစ်ကို ပျဉ်းမျှတန်ချိန် ၂ သန်းရှိပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယဈေးကွက်အပြင် အာဖရိကနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတို့ကိုပါ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ခဲ့ပြီး၊ ကမ္ဘာ့ပြောင်းသုံးစွဲမှုအများဆုံး တရုတ်ဈေးကွက်ကိုလည်း တရားဝင်တင်ပိုခွင့်ရရှိထားတာဖြစ်လို့ ပြည်ပ ဈေးကွက်အလားအလာကောင်းတဲ့ သီးနှံဖြစ်ပေမယ့် ပြည်တွင်းပြောင်းဈေးက မြန်မာနိုင်ငံရဲ့ ပို့ကုန်မူဝါဒ သတ်မှတ်ချက်တွေနဲ့ ကမ္ဘာ့ပြောင်းဈေး အတက်အကျပေါ်မှာ မူတည် နေတယ်လို့ ပြောင်းကုန်သည်တွေက မှတ်ချက်ပြုထားကြပါတယ်။
စစ်ကောင်စီ ချမှတ်ထားတဲ့ ပို့ကုန်မူဝါဒအရ ပြည်ပပြောင်းတင်ပို့ရောင်းချရာမှာ ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ကျပ်ငွေလဲလှယ်ရပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်နဲ့ မဖြစ်မနေ လဲလှယ်ရတာဖြစ်ပါတယ်။ အပြင် ပေါက်ဈေးနဲ့ ဗဟိုဘဏ် သတ်မှတ်ဈေး ကွာဟချက်ကြောင့် တောင်သူတွေအနေနဲ့ ပြောင်းဈေးရငွေကို လျော့နည်း ရရှိစေပါတယ်။