ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုကိစ္စ တရားမျှတမှုရရှိရေး ပြင်သစ်နိုင်ငံက ကြားဝင်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြင်သစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ပူးတွဲကြေညာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ တွေ့ဆုံပြီးနောက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ပြင်သစ်က ပါဝင်ကူညီမည်ဖြစ်ကြောင်း ပါဝင်တဲ့ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာပါ။
“အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာကနေ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ကူညီပေးဖို့ ပြင်သစ်ကလည်း တခြားမိတ်ဘက်နိုင်ငံတွေနဲ့အတူ ကြားဝင်ကူညီဆောင်ရွက်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်” လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂက အပြစ်ပေးနိုင်ရေးအတွက် ကုလလုံခြုံရေးကောင်စီဝင် မိတ်ဘက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က ဦးဆောင်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ မက်ခွန်းက ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ဖိအားပေးခြိမ်းခြောက်ခံရပြီး ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာထိုင်ခင်း ထောက်ပံ့ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကူညီမှုကိုလည်း ပြင်သစ်က ဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။
“နိုင်ငံတကာက ဦးစားပေးဖြေရှင်းဖို့လိုနေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာတွေ မိမိတို့နေရပ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ မိမိတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်တဲ့ အခြေအနေတွေ မြန်မာပြည်မှာ ပေါ်ထွန်းလာပြီး သူတို့ရဲ့ အဘိုးအဘေးတွေနေထိုင်ခဲ့ရာ ဒေသမှာ ရေရှည် အေးချမ်းစွာနေထိုင်နိုင်ရေး အမြန်ဆုံးအကောင်အထည်ပေါ်ဖို့နဲ့ အခုအတိုင်း ဆက်လက် ကူညီသွားကြဖို့ နှစ်နိုင်ငံလုံးက ထပ်မံကတိပြုခဲ့ကြပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အစားအသောက် ထောက်ပံ့ကူညီနိုင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို ပြင်သစ်က ယူရိုပေါင် ၁ သန်း ထပ်မံလှူဒါန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတာဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့လည်း ၂၀၁၇ ခုနှစ်တုန်းက ပြင်သစ်သမ္မတ မက်ွန်းက ပြောခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေကို တပြိုက်နက်တိုက်ခိုက်ခံရပြီးနောက် တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အပြင်းအထန် နှိပ်ကွပ်ဖြိုခွင်းမှုတွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာခဲ့ကြပါတယ်။
လက်ရှိအချိန် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ခ်ဘဇား ဒုက္ခသည်စခန်းနဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ဘာစန်ချာကျွန်းပေါ်က ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်ကျပ်ညပ်စွာနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲခဲ့တဲ့အတွက် လက်ရှိအချိန်အထိ နိုင်ငံတကာတရားရုံးက ဒီအမှုကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။