ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရွာသစ်၊ အောက်မင်္ဂလာဒုံလမ်းမ၊ 360 ဆီဆိုင်အနီးမှာ ဩဂုတ် ၁၆ ရက် ညနေက ကား ၃ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ညနေ ၄ နာရီ မိနစ် ၄၀ လောက်က ယာဉ်တိုက်မှုဖြစ်ပွားတဲ့သတင်း ရရှိခဲ့တာကြောင့် အင်းစိန်မြို့နယ်မီးသတ်၊ ကြက်ခြေနီအသင်းနဲ့ ရွှေမေတ္တာအသင်းတို့က ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အင်းစိန်မြို့နယ်ကနေ မင်္ဂလာဒုံမြို့နယ်ဘက် မောင်းနှင်လာတဲ့ ကုန်တင်တွဲကားက အင်းစိန်ဘက်ကို မောင်းနှင်လာတဲ့ Promise International School မီနီဘတ်စ်ကျောင်းကားကို ဝင်တိုက်ခဲ့ရာက တိုယိုတာ ပရာဒို အိမ်စီးကားနဲ့ပါ ထပ်မံတိုက်မိခဲ့ကြတာပါ။
အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူက “အောင်ဆန်းရွာသစ်၊ အောက်မင်္ဂလာဒုံ လမ်းမပေါ်မှာ ဖြစ်တာပါ။ တွဲကား၊ ကျောင်းကားနဲ့ တိုယိုတာပရာဒိုတစီး တိုက်မိကြတာ။ လူနာက အားလုံး ၁၆ ယောက်၊ ကျောင်းသား ၅ ဦးနဲ့ ဆရာ ၁၁ ဦးက ခေါင်း၊ ဒူးခေါင်းတို့ ပွန်းပဲ့ဒဏ်ရာရပါတယ်။ ယာဉ်မောင်းကတော့ ကားခေါင်းခန်းထဲ ညှပ်နေပါတယ်။ ဒဏ်ရာပြင်းထန်တဲ့သူ မရှိပါဘူး။ အင်းစိန်ဆေးရုံကြီး ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။
ကျောင်းကားမီနီဘတ်စ်ပေါ်ပါ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၂ ဦး၊ ဆရာ ဆရာမ ၁၁ ဦးနဲ့ ကျောင်းကားယာဉ်မောင်း ၁ ဦး စုစုပေါင်း ၁၆ ဦးမှာ ခေါင်းပေါက်၊ ဒူးထိခိုက်၊ လက်ပြတ်ရှ ဒဏ်ရာတွေ ရရှိခဲ့ပြီး ညပ်နေတဲ့ ကျောင်းကားယာဉ်မောင်းကို ညနေ ၅ နာရီ ၆ မိနစ်လောက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ရွှေမေတ္တာပရဟိတအသင်း လူနာတင်ယာဥ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။