ပက်ပ်စီ အချိုရည်စက်ရုံက ဥပဒေမဲ့ အလုပ်ထုတ်တဲ့အပေါ် မကျေနပ်လို့ အလုပ်သမားက တရားစွဲဆိုတဲ့ အမှုအပေါ် ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဖက်စေ့စပ်ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။
အလုပ်ထုတ်ခံရတဲ့ ဦးသောင်းဟန်က အလုပ်ထုတ်စာမှာ လက်မှတ်ရေးထိုးထားတဲ့ ပက်ပ်စီစက်ရုံ တာဝန်ရှိသူနှစ်ဦးကို မှော်ဘီခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီး တရားရုံးက ပြီးခဲ့တဲ့ရုံးချိန်မှာ တိုင်းတရားရုံးမှာ စေ့စပ်ညှိနှိုင်းဖို့ လမ်းညွှန်တာကြောင့် ဒီနေ့ နှစ်ဖက် တွေ့ဆုံညှိနှိုင်းခဲ့တာလို့ သိရပါတယ်။
STUM တာဝန်ရှိသူတဦးက “အလုပ်သမားကတောင်းတဲ့ နစ်နာကြေးကို အလုပ်ရှင်ဘက်က မပေးနိုင်ဘူးပြောတယ်။ အဲဒါကြောင့် ညှိနှိုင်းမှု ပျက်သွားတာပေါ့။ ညှိနှိုင်းမှု အဆင်မပြေတော့ မှော်ဘီတရားရုံးမှာပဲ အမှုဆက်ရင်ဆိုင်သွားမှာ” လို့ ပြောပါတယ်။
ဦးသောင်းဟန်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အလုပ်ခန့်ထားမှု သဘောတူစာချုပ်နဲ့ မကိုက်ညီဘဲ အလုပ်ထုတ်ခံထားရတာလို့ သိရပါတယ်။
သူက ပက်ပ်စီအချိုရည်စက်ရုံမှာ လုပ်သက်ရင့် လုပ်သားတဦး ဖြစ်တာကြောင့် လုပ်သက်အရ နစ်နာကြေး ကျပ်သိန်း ၅၀ ကျော်ရဖို့ ရှိနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် တရားစွဲဆိုချိန် ကုန်ကျစရိတ်တွေပါ ရှိတာကြောင့် တရားမနစ်နာကြေး ကျပ်သိန်း ၁၀၀ ရလိုမှုနဲ့ စက်ရုံဘက်ကို တရားစွဲဆိုထားတာဖြစ်ပြီး စက်ရုံက နစ်နာကြေး မပေးနိုင်ဘူး ဆိုကာ တင်းခံနေတယ်လို့ STUM ထံက သိရပါတယ်။
အဲဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ ပက်ပ်စီစက်ရုံဘက်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
အလုပ်ထုတ်ခံရတဲ့ ဦးသောင်းဟန်က စက်ရုံဘက်ကို တရားစွဲဆိုတာဟာ မှော်ဘီခရိုင် တရားရုံးမှာ ရုံးချိန်း သုံးကြိမ်ရှိခဲ့ပြီး နောက်ရုံးချိန်းကို စက်တင်ဘာ ၁၄ ရက်မှာ ခေါ်ထားကာ အဲဒီရုံးချိန်းမှာ တိုင်းတရားရုံးမှာ စေ့စပ်ဆွေးနွေးခဲ့ရတဲ့ အခြေအနေကို တင်ပြရဖို့ရှိတယ်လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။
စစ်အာဏာသိမ်းကာလမှာ ဦးသောင်းဟန်ဟာ အလုပ်သမားဖြစ်သူက စက်ရုံကို တရားစွဲဆိုတဲ့ ဒုတိယမြောက်ဖြစ်ပြီး YFA အထည်ချုပ်စက်ရုံလုပ်သား မအိပိုပိုလှိုင်က စက်ရုံကို တရားစွဲဆိုမှုဟာ မကြာခင်က တိုင်းတရားရုံး စေ့စပ်ညှိနှိုင်းမှုအဆင့်မှာပဲ သဘောတူ ပြေလည်မှုရရှိခဲ့ပါတယ်။