စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ အမှတ် ၂ ရပ်ကွက်၊ အင်ကြင်းဥယျာဉ်အနီးက နေအိမ်မှာ မိသားစုဝင် ၅ ဦး အသတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၃ ရက် မနက်အစောပိုင်း ၂ နာရီက အိမ်ပိုင်ရှင် ဦးအောင်မောင်းရဲ့ နေအိမ်မှာ ညီဖြစ်သူ ဦးမြင့်ဆွေရဲ့ မိသားစု အသတ်ခံရတာ ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ဦးမြင့်ဆွေ ၄၆ နှစ်၊ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ၅၅ နှစ်၊ သားဖြစ်သူ ကိုစိုးမြင့်လွင်ဦး ၃၂ နှစ်၊ ချွေးမဖြစ်သူ မဖြိုးသီရိလှိုင် ၃၁ နှစ်၊ ဦးအောင်မောင်းရဲ့ သမီးဖြစ်သူ မမာမာလင်း ၃၈ နှစ်တို့ အသတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ခန္ဓာကိုယ် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။
မြို့ခံတဦးက “သူတို့က မြို့ထဲကမဟုတ်ပါဘူး၊ ရွာကနေ သူ့အစ်ကိုအိမ်မှာ မိသားစုလိုက် လာနေကြတာပါ။ တအိမ်လုံးကို သတ်သွားတဲ့ပုံစံပေါ့၊ မမာမာလင်းရဲ့သမီး အသက် ၂ နှစ်အရွယ် ကလေးကတော့ ကျန်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာကြောင့် သတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ ဘယ်အဖွဲ့က ကျူးလွန်ခဲ့တာလဲဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း ကန့်ဘလူမြို့နယ် ငါးမြှောင်ကျေးရွာမှာ ၈ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။