စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာအနားကို စစ်ကောင်စီက ဩဂုတ် ၁၂ ရက် မနေ့ မနက်ပိုင်းက လေယာဉ် ၂ စင်းနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
မန္တလေးမြို့ တံတာဦးလေယာဉ်ကွင်းကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းက လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။
မနေ့က မနက်အစောပိုင်း ၅ နာရီလောက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်တွေ အထိုင်ချနေတဲ့ ယမနေ ပျူရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို လေယာဉ်နဲ့ လာတိုက်လာလို့ ကန့်ဘလူမြို့နယ် MBSU18 အဖွဲ့ခေါင်းဆောင်တယောက်က ပြောပါတယ်။
“ကျနော်တို့ဘက်က ပျူစခန်းကို သိမ်းနိုင်လောက်မဲ့အချိန်လောက်ရောက်တော့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ နောက်ကနေ လာပစ်တာဗျ။ ဗုံးသီး ၆ လုံးထက်မနည်းချတယ်။ စက်လတ်နဲ့လည်းပစ်တယ်။ အဲလိုပစ်တော့ ကျနော်တို့အဖွဲ့တွေ နောက်ပြန်ဆုတ် ခဲ့တယ်ဗျ။ လက်ရှိမှာတော့ မြေပြင်အခြေအနေက ရှုပ်ထွေးနေတာသေးတော့ ကိုယ့်ဘက်က အထိအခိုက်ကို မသိရသေးဘူး။ ယမနေက ပျူနဲ့စခတွေကတော့ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေ ရွာထဲအထိဝင်ပစ်လို အကျဆုံးအထိခိုက်များမယ်ဗျ။ ခွေးအသေစာရင်းအတိကျတော့ မပြောနိုင်သေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ နှစ်ဖက်စစ်ရေး တင်းမာနေတာကြောင့် ယမနေရွာအနီး ဒေသခံကျေးရွာတွေက ပြည်သူထောင်နဲ့ချီဟာ စစ်ဘေးလွတ်ရာကို အရေးပေါ် ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ရာမှာ ပဇီကြီးကျေးရွာကို တိုက်ခိုက်တဲ့အကြိမ်ဟာ အဆိုးရွားဆုံးဖြစ်ပြီး ဒေသခံရာနဲ့ချီ သေဆုံးခဲ့ပါတယ်။