Home
နိုင်ငံတကာ
ဆွစ်ဇာလန်တွင် တောမီးပျံ့နှံ့လာသဖြင့် တောင်ပေါ်ကျေးရွာများကို ဘေးလွတ်ရာရွှေ့
DVB
·
July 18, 2023
Swiss wildfire02

ဆွစ်ဇာလန်နိုင်ငံမှာ တောမီးလောင်ကျွမ်းမှု ပျံ့နှံ့လာတာကြောင့် ဇူလိုင် ၁၇ ရက် နှောင်းပိုင်းမှာ တောင်ပေါ်ကျေးရွာ အများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဆွစ်စ်ရဲတပ်ဖွဲ့က အမိန့်ထုတ်ခဲ့ပြီး လူဘယ်လောက် ထိခိုက်ခဲ့ရတယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။

ဆွစ်ဇာလန်တောင်ပိုင်းရှိ ဗလာရစ်နယ်မြေခွဲထဲမှာ မီးသတ်သမား၊ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ တခြားလုပ်ဖော်ကိုင်ဘက် ၂၀၀ လောက်ဟာ ရဟတ်ယာဉ်တွေနဲ့တွဲပြီး တနေ့ခင်းလုံး မီးငြှိမ်းသတ်ခဲ့ပေမဲ့ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ၄ စင်းကို စီမံလုပ်ဆောင်နေတဲ့ ဆွစ်စ်လေကြောင်းဌာန အဲရ် ဇားမက်ထ်ဟာ မီးငြှိမ်းသတ်ဖို့ တညလုံး ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နေ့ခင်းဘက်က တောမီးရဲ့အထက်မှာ မီးသတ်ပိုက်တချောင်းကို ချိတ်ဆွဲပျံသန်းနေတဲ့ ရဟတ်ယာဉ်တစင်းရဲ့ ဓာတ်ပုံတွေ၊ သစ်တောအများစုကနေ တိုးထွက်နေတဲ့ မီးခိုးလုံးတွေနဲ့အတူ ပိုကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုကို ရဲတပ်ဖွဲ့က ထုတ်ပြခဲ့ပါတယ်။

ဥရောပတောင်ပိုင်းကို သက်ရောက်တဲ့ အလားတူ မြေထဲပင်လယ်ရှိ အပူလှိုင်းဒဏ်ကို အဲဒီဒေသမှာလည်း ခံရတာဖြစ်ပြီး ဗလာရစ်နယ်မြေခွဲရဲ့ အစိတ်အပိုင်းတွေမှာ အခုအပတ်အတွင်း အပူချိန် ၃၀ စင်တီဂရိတ်ထက် ကျော်လွန်သွားတယ်လို့ ဆိုပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024