မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းတောင်ခြေမှ ကျိုက်ထီးရိုးဘုရားပေါ်ကို ကားနဲ့တက်တဲ့ လမ်းပေါ်က ဆယ်မိနစ် ရပ်နားစခန်းအနီးရှိ လေးဖာလုံတံတား ဇူလိုင် ၆ ရက် ညနေ ၃ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “တံတား ကျိုးကျပျက်စီးသွားပြီး ဆယ်မိနစ်စခန်းဘက်က လေးဖာလုံတံတားကို မိုင်းနဲ့ဖျက်ဆီးတာ၊ အဲ့တံတားက တောင်တက်ကားလမ်းပေါ်မှာရှိတာ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
လေးဖာလုံတံတားဟာ ကင်မွန်းစခန်း အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာမှာရှိပြီး တောင်တက်ကားတွေ တံတားအနားရှိ ဆယ်မိနစ်စခန်းမှာ ခေတ္တရပ်နားတဲ့နေရာဖြစ်ပြီး တံတားအလယ်မှာ ၆ ပေအကျယ်ခန့် အပေါက်ကျယ်ကြီးနဲ့ ကွဲအက်သွားကာ ကားတွေ သွားမရတော့ဘူးလို့ ဆိုပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “ဒီတံတားကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြိုချလိုက်တာဖြစ်ပါတယ်။ အခုအချိန်မှာ မိုးတွင်းရောက်နေတဲ့အတွက် ကားအသွားအလာ မရှိနေတဲ့အချိန်မှာ စစ်ရေးအဖြစ် သတ်မှတ်လိုက်ကာ စစ်ကောင်စီ ထောက်ပို့ကားတွေ လက်နက် ရိက္ခာတွေကို ပို့ဆောင်နေတာကြောင့် အခုလို ဖြတ်တောက်လိုက်တာ” လို့ ပြောပါတယ်။
စစ်ရေးအရှိန် မြှင့်တင်နေတာဖြစ်တဲ့အတွက် ပြည်သူလူထုတွေ စစ်ကောင်စီယာဥ်တန်း နောက်တွေက ကပ်မလိုက်ကြဖို့၊ မလိုအပ်ဘဲ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်ရှိ စစ်ကောင်စီစခန်းတွေကနေ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ခြေရှိ လူနေရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုတာတွေ ရှိပါတယ်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းတံတားရှိ ဘီးလင်းသံတံတားဂိတ်ကို ဇူလိုင် ၆ ရက် မနက် ၁၁ နာရီခွဲလောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒရုန်းနဲ့ ဗုံးအလုံး ၂၀ ခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်။ စစ်ရေးပစ်မှတ်ထဲက အဆောက်အဦတွေတော့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ မြေပြင်အခြေအနေအရ မသိရသေးဘူး။”
ဒါ့အပြင် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကိုလည်း ဇူလိုင် ၆ ရက် ည ၇ နာရီ မိနစ် ၂၀ လောက်မှာ တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲလို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့ကနေ သိရပါတယ်။
အခုရက်တွေအတွင်း ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေရှိ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေ နေ့စဥ်နဲ့အမျှ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး ရှိနေပါတယ်။